Monday, April 14, 2014

သင်္ကြန်အကျနေ့

၁၉၉၈ဂျပန်ရောက်ပြီးကတည်းက သင်္ကြန်မကျဖြစ်ခဲ့ပါ။ အရင်ကတော့ အတော်လေးကို လွမ်းပါသည်။ မနှစ်က မြန်မာပြည်ကိုပြန်ရောက်ပါသည်။ သင်္ကြန်ကို အတော်လေးကို အားထားခဲ့သော်လည်း Hip Hop သင်္ကြန်ကို မနှစ်သက်ခဲ့ပါ။

ဒါနဲ့ ဒီနှစ် သင်္ကြန်ကိုတော့ အိမ်မှာပဲအေးအေးဆေးဆေး နေတော့မည်ဟု အိမ်ရှေ့တွင်လူပြိုကြီး မန်းတပ်ထိုးပြီး ကလေးတွေကိုရေလောင်းရန် စဉ်းစားခဲ့ပါသည်။ မနေ့ကအကြိုနေ့။ မနက်ပိုင်း မန်းတပ်ဆောက်ပြီးညနေကျတော့ ရေပက်ပါသည်။

တိုင်ကီထဲတွင် ရေခဲတုံးများကိုထည့်ပြီး၊ ရုံးကမျိုးမင်း၊ ရဲမိုး၊ ပပ နှင့် နန်းကျော့တို့နှင့် ရေပက်ကြပါသည်။ ကလေးလေးတွေကို ရေခဲရေနဲ့ ခေါင်းကလောင်းပြီး အေးပြီးလန့်သွားတာကို တဟားဟား ရယ်နေခဲ့ပါသည်။ တစ်ညနေလုံး ရေလောင်းနေတော့ အတော်လေးကို ပင်ပမ်းခဲ့ပါသည်။
ဒါပေမယ့် မနေ့က ရေးလက်စ Java စာအုပ်အတွက် Collection Framework အကြောင်းကို အပြီးသတ်နိုင်ခဲ့ပါသည်။ ပြီးတော့ အိပ်ခါနီး Kindle လေးနဲ့ စာဖတ်နေရင်း Java 8 လည်းထွက်တာကြာပြီ ဆိုပြီး Java 8 အကြောင်းဟိုရှာဒီရှာလုပ်ရင်း ရေးလက်စစာအုပ်ကို Java SE 8 ကို အခြေခံမှပဲဆိုပြီး ဆုံးဖြတ်ခဲ့ပါသည်။

ဒီနေ့မနက် Java SE 8 ရဲ့ Specification တို့ကို Myanmar Java User Blog တွင် ရေးဖြစ်ပါသည်။ ဒီညတော့ Lambda Expression အကြောင်းကို ရေးပါမည်။ ညနေကျရင် ရေကစားပါဦးမည်။

ဒီနှစ် သင်္ကြန်သည် ကောင်းသော သင်္ကြန်ဖြစ်ပါလိမ့်မည်။