Sunday, July 21, 2013

စာသင်ခြင်းနှင့် ကျွှန်တော်

ကျွှန်တော် မြန်မာပြည်ကို ပြန်ရောက်သည်မှာ ၇လကျော်ခဲ့ပြီဖြစ်သည်။ ၂၀၁၃ခု ဖေဖော်ဝါရီလတွင် DTC ဟု ဖွဲ့စည်းခဲ့ပြီး နီးစပ်ရာ ကလေးများအား Java အကြောင်းကို သင်ကြားပေးခဲ့၏။ ကျွှန်တော်အမှန် အတိုင်းဝင်ခံရလျှင် စာမသင်တတ်ပါ။ အတော်လေးကို ဒုက္ခရောက်ခဲ့ပါသည်။ ကျွှန်တော် ပြောပြချင်သည့် အကြောင်း အရာအများကြီးရှိပါသည်။ ဘယ်လိုပြောပြရမှန်း မသိပါ။

ကလေးတွေကလည်း Java အခြေခံက အမျိုးမျိုး။ လုံးဝမသိသော ကလေးများလည်းပါသလို JSF, JPA နှင့် EJB တို့တောင် ရေးနိုင်သော ကလေးများလည်းပါပါသည်။ DTC တွင် ကျွှန်တော် အဓိကထားသည်မှာ လက်တွေ့ရေးနိုင်သော ကလေးများအား မွေးထုတ်ချင်သည်။ OOP ၏ Concept ကို အပြည့်အဝ ရိုက်သွင်းပေးချင်သည်။ စိတ်ထဲရှိသည်ကို စနစ်တကျတွေပြီး စနစ်တကျ ရေးတတ်စေချင်ပါသည်။

အစတွင်သူတို့အားလုံးကို Basic Java အကြောင်းကို သင်သည်။ Language အခြေခံတွေကို ရှင်းရင်း Object ဆိုတာဘာလဲ၊ Class ဆိုတာဘာလဲ။ Object တစ်ခုနှင့် တစ်ခု ဘယ်လိုဆက်သွယ် အလုပ်လုပ်ကြသလဲ၊ ပြီးတော့ ဘယ်လိုပတ်သက်သလဲ ဆိုတဲ့အချက်ကို အဓိကထား၍ ပြောပြသည်။ လေ့ကျင့်ခန်းအနေဖြင့် တွေးမိတွေးရာကို ရေးခိုင်းခဲ့ပါသည်။

BMG တွက်သည့်အပလီက အစ၊ ဘိုကြားသေနတ်၊ အန်စာတုံး၊ ကိုးမီး အစရှိသဖြင့်။ အဲ့ဒီမှာ ပြဿနာတက်ပါသည်။ တတ်ပြီးသား ကလေးများက စိတ်မဝင်စားပါ၊ ပြီးတော့ သိပ်ပြီးမတတ်သေးသော ကလေးများက မလိုက်နိုင်ကြပါ။ အဲ့ဒီမှာ ကျွှန်တော် နည်းပြောင်းပါသည်။ ကျွှန်တော် ရေးပြသည်။ တစ်ဆင့်ချင်း ဒီနေရာမှာ ဒီလိုတွေး၍ ဒီလိုရေးသည်ဆိုသည်ကို ရေးရင်းပြောရင်း ရေးပြပါသည်။ အဲ့ဒီအခါ ခွန်လေးက ဆရာက အရမ်း ပျော့တာပဲတဲ့၊ အားလုံးကို ရေးပြနေတယ်တဲ့၊ အခြားဆရာတွေဆိုရင် ကျောင်းသားတွေကို ကိုယ့်ဟာကိုယ်ရေးခိုင်းတာတဲ့။ ကျွှန်တော်အခက်တွေ့သွားသည်။

ကျွှန်တော်တို့ဆီမှာ အချို့သော ကျောင်းသားများက တစ်ပတ်တစ်ရက်သာ လာနိုင်သည်။ အဲ့ဒီတော့ တော်ရုံနှင့် အခန်းက ရှေ့မဆက်နိုင်ဘူး ဖြစ်သွားသည်။ ပုံစံပြောင်းရမည်။ မည်သို့ပြောင်းရမည်မသိ။

ကျွှန်တော်ကံကောင်းပါသည်။ ကျွှန်တော်တို့ဆီကို ကိုကျော်လွင် ရောက်လာသည်။ သူစာသင်တာ အတော်လေးတော်ပါသည်။ တစ်ရက် DTC ကို လာလည်ရင်း OOP အကြောင်းကို ရှင်းပြသွားခဲ့ပါသည်။ ကလေးများ အားလုံးစိတ်ဝင်စားစွာ နားထောင်နေခဲ့၏။ ကျွှန်တော် အတော်လေးကို နမှုနာရပါသည်။ သူရှင်းသွားသည်မှာ အတော်လေးကောင်းပါသည်။ White Bord ပေါ်တွင် ရေး၍ သမိုင်းကအစ နားထောင်ကောင်းအောင်ရှင်းပြသွားပါသည်။

အဲ့ဒီအချိန်မှာ Java Basic အကြောင်းကို အတော်လေးပြောပြပြီး ဖြစ်နေပြီ ဖြစ်သည်။ API အကြောင်းတွေကိုတော့ စုံအောင် မပြောပြရသေးပါ။ သူတို့ရေးသားသည်ကို ကြည့်၍၊ Class နှင့် Instance အကြောင်းကို နားလည်ပြီ၊ OOP ရဲ့ Concept ကို ရပြီဆိုတာကို တွေ့ရပါသည်။ ကျွှန်တော်ဆုံးဖြတ်သည်။ API တွေကိုတော့ တစ်ခြားဟာလေ့လာရင်း ဆက်ပြီး ပြောပြသွားလို့ရသည်။ တစ်ချို့ကလေးတွေက Basic ကို ပိုပြီးလုပ်ချင်သည်ဟုပြောသည်။ ကျွှန်တော်ယုံကြည်ပါသည်။ သူတို့ ရေးအားနည်းသောကြောင့် ကိုယ့်ဟာကိုယ် အယုံအကြည်မရှိခြင်းသာဖြစ်သည်။ ဒါကလည်း သင်ယူလို့မရ၊ ကိုယ်တိုင်ရေးကျင့်မှ ရမည်ဖြစ်သည်။

Servlet နှင့် JSP ကို စပါသည်။ Servlet နှင့် JSP ကို သင်ကြားသည်မှာ အဲ့ဒါတွေကို သုံးပြီး Application ကို ရေးသားရန်မဟုတ်။ ဒီခေတ်ကြီးထဲတွင် ပို၍ အစဉ်ပြေသော Framework များစွာရှိ၏။ Web Application တစ်ခု၏ အခြေခံ အလုပ်လုပ်ပုံကို နားမလည်ပဲ Framework များအား စခဲ့ပါက နောက်ပိုင်းတွင် ဒုက္ခများနိုင်သည်။ အဲ့ဒီအတွက် Low Level ဖြစ်တဲ့ Servlet နဲ့ JSP ကို သုံးပြီး Web Application တစ်ခု၏ အလုပ်လုပ်ပုံ၊ ပြီးတော့ Configuration များကို ရေးသားပုံကို ရင်းနှီးစေလိုပါသည်။ အဲ့ဒီအတွက် Servlet နှင့် JSP ကို သင်ကြားရခြင်းဖြစ်သည်။

အဲ့ဒီလိုသင်ကြားရာမှာလည်း ကျွှန်တော် စာသင်သည့် Style ကို ပြောင်းပါသည်။ အရင်က Computer ကို အသုံးပြု၍ ရေးသားရှင်းပြခဲ့သည်ကို White Bord ပေါ်တွင် ရေး၍ ရှင်းပြသည်။ ဘာကြောင့် သင်ကြားသည် ဆိုသည့် ရည်၍ချက်ကို အရင်ပြောသည်။ ပြီးလျှင် ဘာတွေ လုပ်လို့ရသည်ကို ပြောသည်။ ငါတို့ Servlet နဲ့ JSP ကို သုံးပြီး ဘာတွေလုပ်လို့ရတယ်၊ ဘယ်လိုလုပ်ရတယ် ဆိုတာကို အရင်ပြောပြီးမှ တစ်ခုချင်းကို လက်တွေ့ ရေးခိုင်းပါသည်။

ပြီးတစ် အရင်ပြီးသော ကလေးများကို နောက်ကျနေသော ကလေးများအား ပြန်ရှင်းပြစေသည်။ အဲ့ဒီနည်းသည် အောင်မြင်သည် ဆိုရမည်။ ကလေးများအားလုံး တဖြည်းဖြည်း ရေးလာနိုင်သည်ကို တွေ့ရ၏။ အခုဆိုလျှင် သူတို့သည် လက်တွေ့အပလီတစ်ခုကို စရေးတော့မည် ဖြစ်သည်။ ဒီ ၈လပိုင်း အလယ်လောက်တွင် Java EE 7 ကို စတင် သင်ကြားနိုင်မည်ဟု မျှော်လင့်ရပါသည်။

No comments:

Post a Comment