Friday, January 13, 2012

Friday 13

ကုဒ်များသည် ဘယ်တော့မှ မလိမ်တတ်ပါ။ ရေးထားသည့်အတိုင်း အလုပ်လုပ်ပါသည်။ လူတွေ ကဲ့သို့ ဟိုယောင်ယောင် ဒီယောင်ယောင် မလုပ်တတ်ပေ။

မနေ့က ၁၃ရက်နေ့ သောကြာနေ့။ မနက် အလုပ်ထဲရောက်ကတည်းက တာကာဟရှိအား ဒီနေ့ Friday 13 ဆိုတော့ ဂျေဆင်များထွက်မလား မသိဘူးလို့ နောက်နေမိသည်။ ၁၀နာရီ အထိ ကျွှန်တော်တို့ ပရိုဂျက်၏ လိုက်ဘရီတာဝန်ကျသူက အလုပ်မလာပါ။ ဒါနဲ့ မနက်ပိုင်း အလုပ်လုပ်စရာ သိပ်မရှိသော ကျွှန်တော်က ဒီမနက် ကွန်ပိုင်းလုပ်ရန် တာဝန်ယူပါသည်။

ဒီနေ့ ကွန်ပိုင်းလုပ်စရာရှိတာလုပ် ပြီးတော့ Test ပတ်ဝင်းကျင်ကို ပြန်တင်၊ ပြီးရင် Server ကို Restart လုပ် ဒါဆိုရင် ပြီးပြီပေါ့ ဆိုပြီး၊ အားလုံးစီကို ၁၁နာရီကနေ ၁၅မိနစ်လောက် ကွန်ပိုင်းလုပ်မည် ဖြစ်သောကြောင့် Test ပတ်ဝင်းကျင်ကို အသုံးမပြုပါရန် မေးလ်လှမ်းပို့လိုက်ပါသည်။ ၁၁နာရီမတိုင်မှီမှာ ကွန်ပိုင်းလုပ်စရာရှိတာကို လုပ်ပါသည်။ အဲ့ဒီအထိ ပြဿနာ မရှိသေးပါ။

၁၁နာရီအရောက်မှာ Tomcat ကို Stop လုပ်ပါသည်။ System Exception တဲ့၊ စပြီ။ ဘာများလဲဆိုပြီး ရှာကြည့်တော့ လိုအပ်သောဖိုင်ကို ရှာမတွေ့ပါတဲ့။ ဖိုင်ကို သွားကြည့်တော့ သူ့နေရာတွင် ရှိပါသည်။ Permission ကို ကြည့်လိုက်တော့မှ သြော် apacheusr နဲ့ လုပ်မှရမည်တဲ့။ start.sh ထဲမှာ အဲ့ဒီလို su တွေ တစ်ခါတည်းလုပ်ထားတာ မဟုတ်ဘူးဆိုပြီး လိုင်ဘရီတာဝန်ခံကို ဆဲလိုက်သေးသည်။

ပြီးတော့ Framework ကို Stop လုပ်သည်၊ မရပါ။ Timeout ကြီးပဲ လာဖြစ်နေသည်။ ဘာ Log မှလည်း မတွက်တာနဲ့ ဒီလောက်တုန်းရလား ဆိုပြီး Framework ကို ထဆဲပြန်သည်။ ပြီးတော့မထူးဘူးဆိုပြီး ps ကွန်မန်းဖြင့် process ကို ရှာပြီး၊ အဲ့ဒီ Process ID ကို kill ရပါသည်။

Message Broker ဖြစ်သော Active MQ ကတော့ လွယ်လွယ်နှင့် ပိတ်ရပါသည်။ အကုန်လုံးကို Restart လုပ်ပြီး စမ်းကြည့်ပါသည်။ အိုကေ အလုပ်လုပ်ပါသည်။ ၁ နာရီ ကြာသွားသည်။ ၁၂နာရီ ထိုးနေပြီ။ ဗိုက်ကတော့ ဆာနေပြီဖြစ်သော်လည်း ၁ရာရီလောက် အခြေအနေ စောင့်ကြည့်ပြီး၊ ပြင်ထားတာတွေကို ပြန်စစ်ဆေးပါသည်။ ကျွှန်တော်ရေးထားသော Simulation က ကောင်းကောင်း အလုပ်မလုပ်ပါ။ ကျွှန်တော်တို့ တာဝန်ယူထားသော Sub System တွင် Simulation သည် အရှုပ်ဆုံးနှင့် အသုံးအများဆုံး ဖြစ်ပါသည်။

Simulation လုပ်ကြည့်သော်လည်း၊ အလုပ်လုပ်ဆဲဟုသာပေါ်ပါသည်။ ဒုက္ခပဲ။ ဘာများမှားပြီလဲဟု Error Log  ကို သွားကြည့်တော့၊ Request ထဲတွင် လိုအပ်သော ပါရာမီတာများ ပါမလာသောကြောင့်၊ Error တက်နေပါသည်။ Error တက်တာတော့ ဟုတ်ပြီ၊ Error တက်ရင်လည်း Error နှင့်ပြီးသည် ဆိုပြီး Status ကို ရေးသင့်သည်ဟုထင်ရင်း Source ကို သွားကြည့်သည်။

finally ထဲတွင် Exception တက်နေပါသည်။ User Info မရှိသောကြောင့် Error File ကို ရေးမရပါ။ သို့ပါသော်လည်း Status က Error ဖြစ်သောကြောင့် End Status ကို ရေးသောအခါ မရှိသော Error File ကိုပါ သွားပြီး သိမ်းသောကြောင့် NullPointerException ဖြစ်နေပါသည်။ နောက်ဆုံး finally ကို ပြန်စဉ်းစားသင့်သည်ဟု ခေါင်းထဲထည့်ရင်း၊ Request မှာ ဘာလို့ Security တွေ မပါရသလဲဆိုပြီး Client ကိုသွားကြည့်ပါသည်။

Client အပိုင်းတွင် ဟိုတစ်ခေါက်တုန်းက မှားဘူးတဲ့ ဖိုင်ကို အသုံးပြုထားသည်ကို တွေ့ရသည်။ တရုပ်စုတ်တွေဟု ဒီကောင်တွေ အလုပ်ကို သေသေချာချာ မလုပ်ဘူး ဆိုပြီး၊ ဆဲပြန်သည်။ တစ်ခါမှားပြီးရင် မှတ်သင့်သည်။ ဘာလို့ နှစ်ခါထပ်မှားသလဲ ဆိုတာ စဉ်းစားလို့မရပါ။ အဲ့ဒါနဲ့ တရုပ်ပြည်က Team Leader ဆီကို အမှားတွေ လာတင်ထားသည်၊ နောက်တခါ ကရုစိုက်ရန်၊ ဘာကြောင့်နှစ်ခါထပ်မှားသည်ကို အကြောင်းရှာရန်နှင့် နောက်မမှားရန် ဘယ်လိုလုပ်မည်ဆိုသည်ကို Procedure ကို ဒီနေ့အတွင်း အကြောင်းပြန်ရန် မေးလ်ပို့ပါသည်။ ၁၄နာရီ ထိုးသွားပြီ။ ဗိုက်ကလည်း တကျုတ်ကျုတ် ဆာနေပြီ။ အဲ့ဒါနဲ့ ထမင်းသွားစားပါသည်။

အပြန်မှာ ကော်ဖီကြမ်းတစ်ခွက်ကို ဝယ်ပြီး အလုပ်ကိုပြန်လာခဲ့ပါသည်။ အလုပ်ရောက်တော့ Project Leader က စောင့်နေပါသည်။ ဘာများဖြစ်လဲပေါ့။ Bank နဲ့ အစည်းအဝေး လုပ်ပြီး၊ Simulation ကို ပြင်ချင်ကြောင်း ပြောလာသည်။ ထင်တော့ထင်ပါသည်၊ အစကတည်းက ဘဏ်တာဝန်ခံကို မေးဘူးပါသည်။ တကယ်ပဲ အားလုံး ဖျက်ပြီး Simulation ကို လုပ်မှာလားဟု။ အဲ့ဒီတုန်းက အားလုံးဖျက်ပြီး အသစ်လုပ်မည်ဟု ခဲ့ပါသည်။ အခုတော့ အားလုံးမဖျက်၊ အခု Simulation လုပ်မည့် အရာများကိုသာ ဖျက်မည်၊ PDF ကတော့ Simulation လုပ်သည့်အရာကိုသာ ထုတ်မည်၊ CSV ကိုတော့ တနေ့စာထုတ်မည်တဲ့။

၃လပိုင်း အကုန်မှာ Release လုပ်မည့်အရာဖြစ်သောကြောင့်၊ အကြီးအကျယ်မပြင်ချင်ပါ။ ဒါပေမယ့် မတတ်နိုင်။ ပြင်ရမည်၊ ဘယ်လောက်ကြာမလဲမှန်းပေးပါပေါ့။ တရုတ်တွေကို ရေးခိုင်းရင် ဟိုမေးဒီမေးနဲ့၊ နှစ်ဘက်လုံး အလုပ်ဖြစ်မည်မဟုတ်၊ ဒါနဲ့ ကျွှန်တော်ပဲရေးရန် ဆုံးဖြတ်ခဲ့ပြီး၊ Leader အား ပိုပိုလိုလို ၄ရက်လောက်တော့ ငါ့ကိုအချိန်ပေးပါဟု၊ စပြီး Class Diagram တွေကို ပြင်ကြည့်ပါသည်။ Test ပြီးပြီးသားဖြစ်သောကြောင့် တတ်နိုင်သလောက် မပြင်ရစေရန် စဉ်းစားပြီး ရေးပါသည်။

၁၈နာရီလောက်မှာ Leader က ရောက်လာပြန်သည်။ Company အချို့က လူတွေ Login လုပ်လို့မရတော့ဘူးတဲ့။ အဲ့ဒါနဲ့ ACL Table က အချက်တွေ ပျောက်နေသည်။ ဘယ်သူကများဖျက် သွားပါလိမ့်ဆိုပြီး၊ မနက်က Backup လုပ်ထားတဲ့ Data နဲ့ Restore လုပ်ပေးပါသည်။ Leader အား Security Data တွေကို မဖျက်မိစေရန် မှာပြီး၊ ကုဒ်များကို ပြင်နေပါသည်။ ဒီနေ့ သောကြာနေ့ဖြစ်သောကြောင့် စဉ်းစားထားတာတွေကို မမေ့စေရန် အပြီးရေးမည် ဟုအားခဲထားပါသည်။

၂၁နာရီခွဲ လောက်အရောက်မှာ Leader က ရောက်လာပြန်သည်။ Framework ကို Restart လုပ်တာ အမှားတွေ တက်နေလို့တဲ့။ Framework မှားနေရင်တော့ တနင်္လာနေ့ မနက်ပိုင်းတစ်ပိုင်းလုံး တရုတ်ပြည်က Tester တွေ ယောင်ကုန်တော့မှာပဲဟုတွေးရင်း။ လူ ၁၀ယောက်၏ တမနက်စာသည် လူတစ်ယောက်၏ ၅ရက်စာမက တန်ပါသည်။ ဒီနေ့တော့ ဒါကိုရှင်းမှပဲဟု၊ Leader အား ကျွှန်တော်က တာဝန်ဆက်ယူမည်ဟု ပြောရင်း၊ ဆာဗာကို Remote Access လုပ်ပြီး၊ Framework Process ကို ကြည့်ပါသည်။ မရှိပါ။ ဒါနဲ့ Framework ကို Start လုပ်ကြည့်ပါသည်။ Component ကို Load လုပ်၍မရပါဟု Message သာထွက်ပါသည်။ သုံးစားလို့မရတဲ့ Message ဟု တွေးရင်း၊ Framework Log ကို သွားကြည့်ပါသည်။

XML ကို လုဒ်လုပ်ရင်း Error တက်နေပုံရ၏။ Framework Properties များကို XML ကို ဖက်ပြီး လိုအပ်သော Component ကို Load လုပ်ရင်း ရှိပြီးသား Component ကို လုဒ်ထပ်လုပ်သဖြင့် Error တက်နေခြင်းဟုသိရပါသည်။ ဒါနဲ့ XML ကို ဖွင့်ကြည့်ပြီး မှားနေသော Component ID ကို Search လုပ်ကြည့်ပါသည်။ ၂ခါ ထပ်ရေးထားခြင်း မရှိပါ၊ ဘာလဲဟ။

ဟိုတခေါက်က Jade နှင့် Reverse Compile လုပ်ထားသော Framework Source များကို ဖွင့်ကြည့်ပါသည်။ လားလား၊ Directory ထဲတွင်ရှိသော XML ဖိုင်အားလုံးကို Load လုပ်နေသောကြောင့် Backup ဖိုင်ကိုပါ Load လုပ်မိ၍ Duplicate ဖြစ်နေခြင်းဟု သိရပါသည်။ ဒါနဲ့ Backup file အား bkk_fw_def.xml မှ fw_def.xml_bkk ဟု ပြင်လိုက်ပါသည်။ Restart လုပ်၍ရသွားပါသည်။ Program Never Lie ဟု တွေးရင်းနာရီ ကြည့်သောအခါ ၂၂နာရီ။ Leader ကို ကြည့်လိုက်သည် အထုပ်ပြင်ပြီးနေပြီ။ တနင်္လာနေ့လုပ်စရာ အရာများကို TODO LIST ထဲမှာရေးပြီး၊ အိမ်ပြန်ခဲ့ပါသည်။

အိမ်ကိုရောက်တော့ ၀နာရီခွဲ။ ဖန်ခွက်ထဲကို ရေခဲအပြည့်ထဲ့ပြီး၊ ဘာဘုံဝီစကီကို လောင်းပြီး၊ ရေမရောပဲ တစ်ကျိုက်မော့လိုက်ပါသည်။ အား Friday 13 ကို ကျော်သွားပြီ။ ဂျေဆင် လည်း ပြန်ပြီထင်ပါသည်။

No comments:

Post a Comment