Wednesday, January 4, 2012

Framework များ နှင့် ကခုန်ခြင်း

ကျွှန်တော်သည် ဒီအိုင်တီလောက ထဲကို ရောက်တာ ၆နှစ်ကျော် ၇နှစ် နီးပါးရှိပါပြီ။ အစကတည်းက Enterprise အပလီများနဲ့ အကျိုးပေးသည်ဟုထင်သည်၊ တောက်လျှောက် Enterprise အပလီများနှင့်သာ ကြုံရ၏။ အစမှစရေးသည့် ပရိုဂျက်မှအစ၊ ရှိပြီးသား စစ္စတမ်ကို ပြုပြင်ရေးသည့် နေရာအထိကြုံဖူးပါသည်။ တဖန် အပြောများသည့် Waterfall မှအစ Spiral နှင့် Agile ရေးသားပုံ တို့အထိ မျိုးစုံတွေ့ဘူးခဲ့ပါသည်။

စာအုပ်ရေးတဲ့သူတွေက တော်ကြပါသည်။ Waterfall မကောင်းဘူး၊ ခေတ်နောက်ကျနေပြီ၊ စရေးတဲ့အချိန်ကနေ့ ပြီးတဲ့အချိန်မှာ သုံးတဲ့ လိုအပ်ချက်တွေက ကွာဟလွန်းနေတယ်၊ ဘာညာဆိုပြီး Agile က အကောင်းဆုံးလို့ ထင်ရောင်ထင်မှားဖြစ်အောင် ရေးတတ်ကြပါသည်။ ရှင်းရှင်းပြောရင် Spiral နဲ့ Agile နဲ့ ဘာကွာလို့လဲလို့မေးရင် တိတိကျကျ အဖြေရှိမည်မဟုတ်ပေ။ ဒါပေမယ့် Agile ဆိုတဲ့ စကားလုံးက သစ်တော့အတော်များများက Agile ကို လုပ်ပါတော့သည်။ Waterfall ကိုလည်း ပြီးအောင်မရေးဘူးပဲနဲ့ Suck Waterfall လို့ သံရောင် လိုက်နေသူ တွေလည်း နည်းမည်မဟုတ်။

ကျွှန်တော်ကြုံဘူးသမျှထဲမှာ Agile လောက်ရွဲတာ တစ်ခုမှမရှိ။ အာရှလူမျိုးမှာနှင့် Agileဟာ လိုက်ဖက်မည် မထင်။ အနောက်တိုင်းသားများ၏ လုပ်ပုံကိုင်ပုံနှင့် အရှေ့တိုင်းသားများ၏ လုပ်ပုံကိုင်ပုံသည် ကွာမည် ဟုထင်ပါသည်။ ထားတော့ထားတော့၊ ဒီနေ့က ဒီကိစ္စကို ပြောချင်တာမဟုတ်ပါ။



Framework ဟုကြားလျှင် လူတိုင်းစိတ်ချထားကြပေ လိမ့်မည်။ သူပြောတဲ့အတိုင်း ထရေးရင် တော်ရုံတန်ရုံ အလုပ်တန်းလုပ်နိုင်မည် ဖြစ်၏။ သို့ရာတွင် အတွင်းပိုင်းတွင် လုပ်နေသည်တို့ကို ကျွှန်တော်တို့ စဉ်းစားမိမည် မဟုတ်ပေ။ ကျွှန်တော်တို့ သုံးချင်တာနဲ့ တကယ်ပဲ ကိုက်ရဲ့လား။ ကျွှန်တော်တို့ လုပ်ချင်တဲ့ ပုံစံမျိုးကို တကယ်ပဲ လုပ်ပေးနိုင်လို့လား ဆိုတာ စဉ်းစားရန် အချိန်ပင် ရှိမည်မဟုတ်။

ရေးဟရေးဟ၊ ဆိုပြီး ဘာသံသယ မှမရှိပဲ ထရေးကြမည်ဟု ထင်ပါသည်။ နောက်ဆုံး လုပ်ချင်တာထက်၊ လုပ်လို့ရသည်ကိုသာ လုပ်သွားရသည်ကများမည် ဖြစ်၏။ ကျွှန်တော်တို့ ငယ်ငယ်က ကြားဖူးတဲ့ အရက်သမား အကြောင်းကို ပြန်ကြားမိပါသည်။

လမ်းထိပ်က ငဇော်ပေါ့ကွာ၊ ဒီကောင် အစက အပျော်အပါးနဲ့ သောက်တဲ့ အရက်က အခုတော့ အရက်က သူ့ကိုပြန်သောက်သွားပြီပေါ့ တဲ့။

Framework အသုံးပြုသူများလည်း ဤကဲ့သို့ပင်၊ အစကတော့ သုံးရလွယ်သားဆိုပြီး သုံးရာက နောက်ဆုံးတော့ ဘုမသိဘမသိ Framework ပြောရာ ယုံရတဲ့ ဘဝကို ရောက်မှာကိုယ် ရင်လေးမိပါသည်။ ကျွှန်တော်ကိုယ်တိုင်လည်း လက်တွေ့ကြုံပါတော့သည်။

ကျွှန်တော်တို့ အလုပ်လုပ်ပေးနေသော ဘဏ်ပရိုဂျက်တစ်ခုတွင် ထိုဘဏ်၏ နှစ်ရှည်လများ အသုံးပြုနေသော Framework တစ်ခုရှိပါသည်။ ကျွှန်တော်တို့ ပရိုဂျက်တွင်လည်း ထိုFramework ကို မသုံးမနေ သုံးရန်ဖြစ်လာပါသည်။ အကြောင်းမှာ လက်ရှိ အသုံးပြုနေသည့် ပရိုဂျက်များလည်း အများအပြားရှိခြင်းကြောင့် အယုံအကြည်ရှိခြင်းက အဓိက အချက်ဖြစ်ပါသည်။

လက်ရှိ သုံးနေတဲ့ Framework ဆိုတဲ့ အချက်ဟာ ငြင်းလို့မရအောင် ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုဖြစ်ပါသည်။ အိုကေ၊ စပြီ။ ရေးကြရေးကြ အားလုံးဝိုင်းရေးကြပါသည်။

ပြီးခါမှ အချို့သော နေရာများမှာ လုပ်ချင်တဲ့ပုံစံ အတိုင်းဖြစ်မနေသည်ကို တွေ့ရပါသည်။

ဟင်ဘယ်လိုဖြစ်တာလဲ?

Document တွေထဲမှာ ဒီလိုရေးရင်ရတယ်ဆို။

အဲ့ဒီအတိုင်းရေးထားတာပဲ။ မှားစရာမှမရှိတာ။ ဒီလိုပဲနေမှာပါပဲ။

အားလုံးလက်လျှော့သွားကြပါသည်။ အဲ့ဒီမှာ မနေနိုင်တဲ့ ကျွှန်တော်က၊ နေဦးလေ၊ ငါတို့ လုပ်ချင်တာ ဒီလိုမှမဟုတ်တာ။ လို့မေးတော့

Framework က ပြောတဲ့အတိုင်းရေးထားတာလေ၊ မှားစရာမရှိဘူး။ ဒီလိုပဲ နေမှာပေါ့တဲ့။

အရီးလေး၊ ငိုရတော့မလို၊ ရယ်ရတော့မလို။ 

Asynchronous Process က ဘယ်လိုကြည့်ကြည့် Synchronous နဲ့ အလုပ်ထလုပ်နေတယ်။ Framework ကလည်း အဲ့ဒီအတိုင်းရေးရမယ်လို့ ပြောထားတယ်။ ယုံပြီပေါ့။

အဲ့ဒီတော့ ဒီကောင်တွေနဲ့ ဆက်မပြောတော့။ ဆက်ပြောရင်လည်းထူးမည် မဟုတ်။

စုပါသည်။ Tools များကို။ Framework က Source မရနိုင်တဲ့အတွက် Class ကနေ Decompile လုပ်နိုင်တဲ့ Jade၊ ပြီးတော့ ကျွှန်တော်အကြိုက်ဆုံး Text Editor Hidemaru။

အခြားလူတွေများနေရင် နားငြီးတာနဲ့ ဒီကနေ့ ဘယ်သူမှအလုပ်မလာတဲ့ အချိန် တစ်နာရီလောက် စောသွားပြီး ရှာပါတော့သည်။ XML Setting တွင် ရေးထားသော ပါရာမီတာက မှားနေပါသည်။ လူအသုံးမများသော Function ဖြစ်သောကြောင့် အကြိမ်ကြိမ် Maintenance လုပ်ရင်း လွဲသွားပုံရ၏။ ပြောပြလိုက်တော့မှ ပြဿနာက ကြီးသွားပါတော့သည်။ လက်ရှိ အမှားကို အမှန်ထင်ပြီး အသုံးပြုနေတဲ့ စစ္စတမ်တွေက မနည်းတော့။ ဒါတောင် နမှုနာတစ်ခု ဖြစ်ပါသည်။

ဒါကြောင့် Framework ဆိုတာနဲ့ အေးဟအေးဟ ဆိုပြီး မယုံကြည်သင့်ကြောင်း သတိပေးလိုပါသည်။


လူသားအားလုံး အမှားနဲ့မကင်းပေ။ 
Framework သည်လည်း ထိုနည်း၎င်း။ 

No comments:

Post a Comment