Saturday, January 7, 2012

Cloudbees for Java Cloud

အခုတလော Cloud အပလီကေးရှင်းများဟာ အလွန်ပင်ခေတ်စားလာတာကို တွေ့ရပါတယ်။ Amazon EC2 က စတင်လိုက်တဲ့ Cloud မုန်တိုင်းဟာ၊ Google Applet Engine ကို အခြေပြု၍ တစ်စထက်တစ်စ ပို၍ ပြင်းထန်လာတာကို တွေ့ရပါတယ်။

GAEj အရောက်မှာတော့ Java ပရိုဂရမ်မာ တစ်ယောက်အနေနဲ့ စမ်းသပ် အသုံးပြု ခဲ့ပါတယ်။ ယခင် ကိုယ်တိုင်ပြင်ဆင် အသုံးပြုရမည် ဆိုလျှင် အတော်လည်းကို လက်ဝင်သည့်ကိစ္စက မိနစ်ပိုင်းအတွင်းမှာ ပြီးဆုံးသွားခြင်း၊ Google ရဲ့ နည်းပညာများကို လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း တို့က အရမ်းကို စွဲမက်စရာ ကောင်းခဲ့ပါတယ်။

ဒါပေမယ့် ကြိုက်လား၊ လို့မေးလာခဲ့ရင် အဖြေခက်ခဲ့ပါတယ်။ ဘာကြောင့်လည်းလို့မေးလျှင် GAEj သည် Java EE ပတ်ဝင်းကျင်လို့ ပြောသော်လည်း၊ အသုံးပြုဘူးသော ပတ်ဝင်းကျင်များနဲ့ ထူးခြားလွန်းနေတာကို တွေ့ရတယ်။ ဘာမတူတာလဲ ဆိုတာကိုတော့ အသေးစိတ် ခွဲချမ်းပြီး မလေ့လာရသေးဘူး။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ဆက်ပြီးမသုံးဖြစ်ခဲ့တော့။

သည်လိုနဲ့ ဒီ ၂၀၁၁ခုအကုန်ပိုင်းမှာ Easy JSP ကို ရေးဖို့အတွက် အခြား Cloud ပတ်ဝင်းကျင်တစ်ခုကို ရှာခဲ့မိပါတယ်။ အရင်ကတည်းက စိတ်ဝင်စားခဲ့ပြီး၊ အချိန်မရသောကြောင့် မစမ်းရသေးသော Cloudbees ကို သွားတွေ့ပါတယ်။ ဒါနဲ့ New Account တစ်ခုကို လုပ်ပြီး၊ စတင် စမ်းသပ်ကြည့်ပါတယ်။

Cloudbees မှာ ပံ့ပိုးပေးနေတဲ့ ဆားဗစ်တွေကတော့  Jakens, Repository, Application, Databases များပဲ ဖြစ်ကြတယ်။ Free User တစ်ယောက်အနေနဲ့ Repository အပေါ်မှာ 2G နေရာရပါတယ်။ ပြီးတော့ အပလီကေးရှင်း ၅ခုနဲ့၊ ဒေတာဘေးစ် ကိုလည်း ၅ MB အသုံးပြုနိုင်ပါတယ်။ တော်ရုံ Web အပလီ လေးငါးခုကို အလကား အသုံးပြုနိုင်တာကို တွေ့ရတယ်။


အသုံးပြုသူရဲ့ စာမျက်နှာမှာလည်း လွန်စွာ ရိုးရှင်းတာကို တွေ့ရပါတယ်။ အထက်ပါ ဆားဗစ်များထဲမှ အသုံးပြုလိုတာကို ရေးသားသွားရုံပါပဲ။

Jenkins ဆိုတာကတော့ Agile Developing Process ရဲ့ အသုံးချ နည်းပညာ တစ်ခုဖြစ်တဲ့ continuous integration နည်းပညာကို အသုံးပြုနိုင်တဲ့ ပလတ်ဖောင်း ဆော့ဖ်ဝဲ တစ်မျိုးပါပဲ။ နောင်တစ်ချိန်မှာ လေ့လာရန်လိုအပ် ပေမယ့် လောလောဆယ် အသုံးမလိုသေးတဲ့အတွက် ခဏ ထားလိုက်ပါဦးမယ်။

ပြီးတာနဲ့ Repository အသစ်တစ်ခုကို စပြီး အသစ်တည်ဆောက်ပါတယ်။ GUI ပေါ်ကပဲ Create New Repository ကို နှိပ်ပြီး လိုအပ်တဲ့ အချက်များကို ဖြည့်စွက်သွားရုံပါပဲ။


ပြီးတာနဲ့ Eclipse Plugin ကို အင်စတောလုပ်ပါတယ်။ ပြီးတော့ Cloudbees Application တစ်ခုကို Eclipse ကို အသုံးပြု၍ တည်ဆောက်လိုက်ပါတယ်။ JSP Welcome ဖိုင်တစ်ခုနဲ့ Example Servlet တစ်ခု နမှုနာအနေနဲ့ပါတာနဲ့ Source တွေကို ပြင်မရေးသေးပဲနဲ့ Local မှာ Run ကြည့်ပါတယ်။ အခက်အခဲမရှိ အလုပ်လုပ်တာကို တွေ့ရတယ်။


အိုကေပဲဆိုပြီး၊ Run Cloud ကို စမ်းကြည့်ပါတယ်။ တက်သွားသလိုလိုနဲ့ အလုပ်မလုပ်ပါဘူး။ အပလီကေးရှင်းကို ရှာမတွေ့ဘူးကြီး လုပ်နေတယ်။ ဒါနဲ့ Application ဆားဗစ်ကို သွားရှာကြည့်ပါတယ်။


Application Details ကို ဖွင့်ကြည့်ပြီး၊ Application Log ကို ကြည့်တော့မှ၊ ကွန်ပိုင်းလာ ဗားရှင်းမတူမှန်သိရပါတယ်။ ဒါနဲ့ Eclipse ရဲ့ကွန်ပိုင်းလာ ဗားရှင်းကို JavaSE 6 ကို ရွှေ့ပြီး ပြန်ပြီး Deploy လုပ်တော့ အလုပ်လုပ်တာကို တွေ့ရပါတယ်။



ပြီးတာနဲ့ Database ကို သွားပြီး၊ DB တစ်ခုကို တည်ဆောက်ကြည့်ပါတယ်။ အခက်အခဲမရှိ တည်ဆောက်နိုင်တာကို တွေ့ရပါတယ်။


ဒေတာဘေးစ် ရတာတော့ဟုတ်ပါပြီ။ Table တွေကို ဘယ်လိုရေးမလဲ၊ Data Architecture တွေကို ဒီဇိုင်းရေးရမှာ အလုပ်ရှုပ်တယ် လို့စဉ်းစားရင်း၊ ရုတ်တရက်အတွေးပေါ်မိပါတယ်။ ဒီကောင် MySQL ဆိုတော့ MySQL Workbench ကို သုံးကြည့်မယ် ဆိုပြီး ဒေါင်းလုဒ်လုပ်ပြီး၊ Connect လုပ်ကြည့်ပါတယ်။ အခက်အခဲမရှိ ဆက်သွယ်နိုင်တာကို တွေ့ရတယ်။


Source တွေကို သိမ်းထားနိုင်တဲ့ Repository ရယ်၊ Local Developing ပတ်ဝင်းကျင်ရယ်၊ Running ပတ်ဝင်းကျင်ရယ်၊ DB ပတ်ဝင်းကျင်ရယ် ရှိပြီဆိုလျှင်၊ တော်ရုံတန်ရုံ Java EE အပလီကေးရှင်းတွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ဒါတောင် Jenkins ကို တောင်မသုံးရသေးပါဘူး။ Java Developer တွေ ရင်းနှီးပြီးသားဖြစ်တဲ့၊ Tomcat ရယ် MySql ကို အသုံးပြုထားတာဟာ ဝမ်းသာစရာဖြစ်တယ်။

Cloudbees ကို ကြိုက်လားလို့ ကျွှန်တော့်ကို မေးလာမည် ဆိုလျှင်၊ ချက်ချင်းပင် အရမ်းကြိုက်တယ်လို့ ဖြေမိမှာ အမှန်ပါပဲ။

Cloudbees ကို ဒီမှာရယူနိုင်ပါတယ်။
http://www.cloudbees.com/

Cloudbees ဖြင့် ရေးသားထားသော နမှုနာ အပလီ ဖြစ်ပါတယ်။
http://jsp-tutorials.minlwin.cloudbees.net/

No comments:

Post a Comment