Tuesday, December 13, 2011

ငယ်ချစ်ဦး

မနေ့က မော်လမြိုင်က အကြောင်းကို ပြန်တွေး ရေးရင်းဖြင့် ငယ်ငယ်တုန်းက အကြောင်းတွေကို ပြန်သတိရ မိပါသည်။ ကျွှန်တော် စာစလုပ်ချင်လာခြင်းမှာ ရန်ကုန်ရောက်မှဟု ထင်ခဲ့သော်လည်း မဟုတ်ပါ။ မော်လမြိုင်မှာ ကတည်းက စာလုပ်ချင်စိတ်ပါလာခဲ့ပါသည်။ ငယ်ငယ်တုန်းက မှုလတန်းမှစ၍ အလယ်တန်းအလယ်လောက်အထိ အလွန်ဆော့ခဲ့ပါသည်။ စာမေးပွဲနီးတိုင်း ဘာကြောင့်မသိ၊ စာအုပ်ပျောက်တတ်ပါသည်။ စာမေးပွဲနီးတိုင်း စာအုပ်ပျောက်မှာ အမြဲစိုးရိမ်နေခဲ့ရသည်ကို သတိရမိပါသည်။ တစ်ခါတလေ ယခုထက်တိုင် အိမ်မက်ထဲမှာ စာအုပ်ပျောက်တုန်းဖြစ်၏။

နွေရာသီ ကျောင်းပိတ်ရက်ဆိုလျှင် ရှိသမျှ သင်တန်းတွေတက်၊ မြောက်ရှုန်းအောင် ကစားခဲ့ပါသည်။ ရှေ့ဆောင်လူငယ်၊ ရေကြောင်းလူငယ်၊ ပန်းချီသင်တန်း အစရှိသ၍ တက်လို့ရသမျှ သင်တန်းတွေကို အကုန်တက်ခဲ့ပါသည်။ အလယ်တန်းလောက်တုန်းက ပန်းချီကို အရူးအမူးဖြစ်ခဲ့ဘူးပါသည်။ သို့ရာတွင် ခဲပန်းချီမှ ရေဆေးကို ပြောင်းချိန်မှာ ကျွှန်တော်ဟာ အရောင်ကိုခွဲမသိနိုင်တဲ့ ကာလာဘလိုင်း ဖြစ်နေပါသဖြင့် အလွန်နှစ်သက်ခဲ့သော ပန်းချီကို လက်လျှော့ခဲ့ရပါသည်။

ကျွှန်တော်တို့ အိမ်တစ်ခန်းအကျော်တွင် ဆရာဦးချစ်လှိုင်တို့ အိမ်ရှိပါသည်။ ကျွှန်တော်နှင့်ရွယ်တူ သူ၏သားကို အဖေက ဘော်လုံးဟု အမည်ပေးခဲ့ပါသည်။ ဘော်လုံးသည် ကျွှန်တော်၏ ငယ်သူငယ်ချင်းဖြစ်ပါသည်။ ဘော်လုံးနှင့်ကျွှန်တော်သည် သံလွင်မြစ်ထဲမှာ ရေသွားကူးခြင်း၊ ငါးမွေးကန်ထဲမှာ ငါးများသွားမျှားခြင်း အစရှိသည့် အမေမကြိုက်သော အလုပ်များကို လုပ်ခဲ့ကြပါသည်။ ဘော်လုံး၏ အမေသည် မိန်းမလှကျွှန်းသူ ဖြစ်ပါသောကြောင့် ကျောင်းပိတ်လျှင် ဇာတိပြန်ပြီး ရေကူး၊ လှေလှော် လုပ်လေ့ ရှိပါသောကြောင့် ကျွှန်တော့်ထက် ကစားတဲ့နေရာမှာ ပိုတော်ပါသည်။

တဖန် ဘော်လုံး၏ အဖေ ဆရာချစ်သည် တိုက်ကြက်များကို မွေးထားပါသည်။ မကြာကဏဆိုသလို မီးလောင်ပြင်ကို သွား၍ ကြက်တိုက်တတ်ပါသည်။ မီးလောင်ပြင်သည် အခုတော့ မော်လမြိုင်မော်တယ် ဖြစ်သွားပြီဆို၏။ ကျွှန်တော်မသိတော့ပါ။ ယခင် ကျွှန်တော်တို့တက်ခဲ့သော မော်လမြိုင် လေ့ကျင့်ရေး အလယ်တန်းကျောင်း ၏နောက်ဖက် သံစည်းရိုးကြား ခွေးတိုးပေါက်မှ ထွက်လိုက်လျှင် မီးလောင်ပြင်ကို ရောက်ပါမည်။ ၁၀မိနစ်ခန့် လမ်းလျှောက်လျှင် ယခင်သစ်တောရုံးကို ရောက်မည်ဖြစ်ပြီး၊ အဲ့ဒီမှာ ကျွှန်တော်နှင့် ကျောင်းနေဖက် မောင်မောင်ဇင်တို့ အိမ်ရှိပါသည်။

ဘော်လုံးနှင့် ကျွှန်တော်တို့သည် သူအဖေ ဆရာချစ် မွေးထားသော တိုက်ကြက်များကို ဖမ်း၍ မောင်မောင်ဇင်တို့နဲ့ သစ်တောရုံး ထဲမှာ ကြက်သွား တိုက်လေ့ရှိပါသည်။ ပြန်လာလျှင် ဆရာချစ်မသိအောင် ကြက်ကလေးကို နံနွင်းတွေလိမ်းပြီး မသိအောင် လွှတ်ပေးရပါသည်။ သို့ပါသော်လည်း ပေါ်မြဲဖြစ်ပါသည်။ အဲ့ဒီအခါတိုင်း ဘော်လုံးလေး ရိုက်ခံထိတာ ကွေးနေပါသည်။

ကျွှန်တော်တို့ တတန်းထဲ တက်ခဲ့ကြသူများကတော့ ကျွှန်တော်ရယ်၊ ဘော်လုံးရယ်၊ မီးလောင်ပြင်က မောင်လှဝင်း(နှပ်ချေးထူ)ရယ်၊ ကုလားတန်းထဲက တရုပ် ထွန်းထွန်းဝင်းရယ်၊ ကုလား နေလင်းရယ်၊ ဒေါ်ခင်ကြည်ဆေးရုံထိပ်က နေလင်းကျော် တို့ပဲဖြစ်ပါသည်။ နေလင်းကျော်၏ အမည်သည် ဝတ်ပုတ်ဖြစ်ပါသည်။ ဒီကောင်နဲ့ ကျွှန်တော်တို့က မတည့်ကြပါ။ ဒါပေမယ့် ရန်ဖြစ်ပြီးတိုင်းလည်း အမြဲအတူကစားမြဲ ဖြစ်ပါသည်။ ဘော်လုံးကန်လည်း ရန်ဖြစ်၊ ဂေါ်လီရိုက်လည်း ရန်ဖြစ်၊ တွင်းစိန်လည်း ရန်ဖြစ် အလကားနေ ရန်ဖြစ်ကြပါသည်။ ဒါပေမယ့် ဘော်လုံးကိုတော့ သူမနိုင်ပါ။ ဘော်လုံးက တော်ပါသည်။ ကျွှန်တော်ကတော့ အကောင်သေးပါသဖြင့် အသံသာကျယ်ပါသည်။ လက်သိပ်မပါပါ။

ဒါပေမယ့် အတန်းကြီးလာတော့ ဝတ်ပုတ်၊ ဒီကောင် ပဲများလာပါသည်။ ကျွှန်တော်တို့နှင့် ရန်မဖြစ်တော့ပါ။ အရင်ကလိုလည်း မဝတော့ပါ။ အုံးနှစ်ပင်ပုဆိုးကို ချက်ပြုတ် ဝတ်လာပြီး၊ စံပင်ကို အလယ်ခွဲခွဲကာ စိုးသူစတိုင်ဖြင့် လူပျိုကြီး ကိုက်ဖမ်းလာပါသည်။ မကြာပါ၊ ဒီကောင် အတန်းထဲက ကောင်မလေး တစ်ယောက်နဲ့ ဘာလိုလို၊ ညာလိုလို။ ကျွှန်တော်တို့ အဖွဲ့မှာ စ ရည်းစားရတာ ဒီကောင်၊ ဝက်ပုတ်ဖြစ်ပါသည်။ ကျွှန်တော်တို့ အဖွဲ့ကတော့ ဘောင်းဘီအတိုပေါ်မှာ ပုဆိုးကွင်းသိုင်း၍ ဂေါ်လီရိုက်ကောင်းတုန်း။

ဒါပေမယ့် ကျွှန်တော် ၈တန်း အရောက်မှာ စာစလုပ်ချင်လာပါသည်။ ဘာရယ်မဟုတ် ကဗျာရေးချင်စိတ် ပေါက်လာပါသည်။ ကျွှန်တော်လက်ရေးဟာ တော်တော်လေးကို မလှခဲ့ခြင်း ဖြစ်ပါသည်။ တောင်တစ်လုံး မြောက်တစ်လုံးနှင့် ဘာကဗျာရေးရေး ရသမမြောက်ပါ။ ကျွှန်တော် အတော် စိတ်ညစ်နေခဲ့ပါသည်။

ဘာကြောင့်လည်းမသိ ဆွေမျိုးလိုခင်နေတဲ့ အန်တီဒေါ်ယဉ်ယဉ်မြတ်တို့ အိမ်သွားလည်ရင်း၊ အမှတ်မထင် စာကို ဘယ်လို လှအောင် ရေးရမယ် ဆိုတာကို သိခဲ့ရပါသည်။ အန်တီဒေါ်ယဉ်မြတ်တို့သည် ကျွှန်တော်တို့ အိမ်နှင့် တကယ့်ဆွေးမျိုးအရင်းတွေလို ဖြစ်ခဲ့ကြပါသည်။ အဖေဂျပန် သွားတုန်း၊ ကျွှန်တော့်ညီ သက်ဖူးလေး မွေးတုန်းကလည်း အန်တီဒေါ်ယဉ်မြတ်နဲ့၊ ဘဘကျောင်းအုပ်ဆရာကြီးတို့ ကပဲ အမေ့အား အမေရိကန် ဆေးရုံကို လိုက်ပို့ပေးခဲ့ရပါသည်။

အန်တီဒေါ်ယဉ်မြတ်တို့သည် အဆင့်မြင့်မြင့်နေနိုင်ခဲ့သူများ ဖြစ်ကြ၏။ သူ၏ သမီးများဖြစ်ကြသော မချိုတို့၊ မခိုင်တို့သည် တကယ့်ကို စူပါစတားများဖြစ်ခဲ့ကြ၏။ အထက၈ မှာ တက်၍ စာလည်းတော်ကြ၏။ အမြဲတမ်းဆိုသလို လူရည်ချွံစာမွေးပွဲကို ဖြေနေသည်ကိုတွေ့ရ၏။ ကျွှန်တော်အခုထက်ထိ မှတ်မိနေသည်မှာ ချဉ်ပေါင်ကျော်တွင် ဝတ်သားပါမှန်း သူတို့အိမ်ရောက်မှ စသိခဲ့ရပါသည်။

ကျွှန်တော်ငယ်ငယ်က အမြဲပြောဘူးပါသည်။ အမေရယ်၊ အန်တီဒေါ်ယဉ်မြတ်တို့အိမ်ကလို ချဉ်ပေါင်ကျော်ကို  ဝတ်သားလေးနဲ့ ကျော်စမ်းပါလို့။ ဘယ်လောက်စားကောင်းမှန်မသိခဲ့၊ ယနေ့တိုင်မှတ်မိနေပါသေးသည်။ တနေ့ အန်တီဒေါ်ယဉ်မြတ် တို့အိမ်ကိုသွားလည်ရင်း မခိုင်တို့ စာလုပ်နေတာကို တွေ့ခဲ့ပါသည်။ အောင်မယ်လေး၊ လှလိုက်တဲ့လက်ရေးလို့။ ကျွှန်တော်လည်း မနေနိုင်ပဲ လက်ရေးလှအောင် ဘယ်လိုရေးတာလည်း ဟုမေးမိပါသည်။ ကျွှန်တော့်ကို ပြန်ရေးခိုင်းပြီး၊ စာလုံးတွေက ဆက်နေတာကို။ စကားလုံးတစ်လုံးနဲ့ တစ်လုံးကြားမှာ စာလုံးတစ်လုံးစာခြားပြီးရေးကြည့်ပါလားဟု မခိုင်က အကြံပေးပါသည်။

ကျွှန်တော်ရေးကြည့်ပါသည်။ ဟုတ်၏။ စောစောက လက်ရေးနှင့်မတူ။ အဲ့ဒီကစပြီး ကျွှန်တော်လက်ရေးကို လှအောင် ရေးချင်လာပါတော့သည်။ ၈တန်းအောင်စာရင်းလည်းထွက်ရော ကျွှန်တော် မြန်မာစာ၊ သင်္ချာ နဲ့ သိပ္ပံမှာ ဂုန်ထူးပါပါသည်။ ကျွှန်တော် စာလုပ်ရကောင်းမှန်း စသိခြင်းဖြစ်၏။

No comments:

Post a Comment