Monday, December 12, 2011

ကျွှန်တော့်နှင့် ကျွှန်တော့်ချစ်သူများ

ဘာရယ်မဟုတ် ရန်အောင်ဆန်ဆန် ရေးထားသော ကိုယ့်ခေါင်းစဉ်ကိုယ်ကြည့်ရင်း ကိုယ့်ဟာကိုယ် ပြုံးမိပါသည်။  ကျွှန်တော်ငယ်စဉ် ကတည်းက နှစ်သက်ခဲ့သော အရာများစွာရှိခဲ့ပါသည်။ အထက်တန်းကျောင်းသား လောက်တွင် ဘိုင်အိုလိုဂျီကို အရမ်း သဘောကျခဲ့၏။ ပုံလေးတွေဆွဲရင် စာကျက်ရသည်မှာ ဘာနဲ့မှမတူခဲ့ပါ။

ဒီလိုနဲ့ တက္ကသိုလ်ရောက်ပြန်တော့လည်း ကင်မရာလေးများကို နှစ်သက်ခဲ့ပါသည်။ အဖေငယ်ငယ်ဂျပန် သွားတုန်းက ဝယ်ခဲ့တဲ့ မိနိုတာကင်မရာ အစုတ်လေးတစ်လုံးနဲ့  ဟိုရိုက်ဒီရိုက် လျှောက်ရိုက်ပါတော့သည်။ ကျောင်းပွဲတွေမှာ ဟိုကားကား ဒီကားကားနဲ့ ကျွှန်တော်ပါတတ်ပါသည်။ ပြန်ရသည်ထက်စာလျှင် အိပ်စိုက်ရသည်က များမည်ထင်ပါသည်။

အခုကြပြန်တော့လည်း ပရိုဂရမ်ရေးခြင်းနှင့် ဘလောဂ်ရေးခြင်းမှာ အရူးအမူး ဖြစ်နေခဲ့ပြန်သည်။ ထို့အပြင် အရက်သောက်ခြင်းကိုလည်း နှစ်သက်ပြန်၏။ ဂျပန်မှာ ဘာအကြိုက်ဆုံးလဲဟုမေးလျှင် အရက်ကောင်း များများ သောက်ရခြင်း လို့ဖြေကောင်း ဖြေလိမ့်မည်။

ကျွှန်တော့် ဝါသနာများနှင့် ပတ်သက်၍ စဉ်းစားမိပါသည်။ ကျွှန်တော့် ဝါသနာများသည် အဖေနှင့် အများကြီး ပတ်သက်ပေလိမ့်မည်။


ကျွှန်တော်တို့ငယ်ငယ် မော်လမြိုင်မှာ နေစဉ်က အဖေသည် မော်လမြိုင်ဆရာအတတ်သင်မှ သိပ္ပံဆရာတစ်ယောက် ဖြစ်ခဲ့ပါသည်။ ထိုစဉ်က အဖေသည် ဂျပန်ကို ပညာတော်သင် သွားခဲ့ရပါသည်။

ဂျပန်ကပြန်လာသော အဖေသည် စာအုပ်တွေ အများကြီးသယ်လာခဲ့၏။ ကန်မရာ တစ်လုံးဝယ်လာခဲ့၏။ ဆိုင်ကယ်တစ်စီး ဝယ်လာခဲ့ပါသည်။ ကျွှန်တော်ငယ်ငယ်က အမြဲဆိုသလို ဘူးသီးငပေါင်းကျော် ဂျပန်စာအုပ်တွေကို ဖတ်နေသည်ကို တွေ့ရပါသည်။

ရန်ဖန်ရံခါ ဆိုင်ကယ်တစ်စီးနဲ့ ဒိုင်ရင်ကွင်းက ရုပ်ရှင်ရုံ၊ တောင်ပေါ်၊ ကမ်းနားလမ်း အစရှိသည့် နေရာများကို ခေါ်သွားပြီး ဓာတ်ပုံရိုက်ပေးတတ်ပါသည်။ ညနေဆိုလျှင် အရက်လေး တစ်ခွက်နှစ်ခွက်သောက်ရင်း ကျွှန်တော်တို့ကို ဂျပန်ပုံပြင်တွေ ပြောပြတတ်ပါသည်။

တစ်ခါတစ်လေ အမှောင်ခန်းထဲမှာ ဖလင်တွေ ဆေးရင်း ဓာတ်ပုံကူးနေလိုက်၊ ရုတ်ရှင်ရုံသေးသေးလေးမှာ ကာတွန်းကားတွေကို မြန်မာအသံသွင်းလိုက် ကလေးတွေကို ပြလိုက်နှင့် အလုပ်များနေသည်ကို တွေ့ရတတ်ပါသည်။ အမှောင်ခန်းထဲမှာ ဓာတ်ပုံစာရွက်ဖြူကို ဆေးရေစိမ်ရင်း တဖြည်းဖြည်း ပုံပေါ်လာသည်မှာ ဘာနဲ့မှမတူပေ။ အနလော့မှာလည်း ဒီဂျစ်တယ်နှင့်မတူသော အရသာများ များစွာရှိပါသည်။

ကျွှန်တော် ၁၉၈၈ခု အရေးအခင်းဖြစ်လို့ ကျောင်းပိတ်တဲ့အထိ မော်လမြိုင်မြို့တွင် နေခဲ့ရပါသည်။ ၉တန်း အထိဖြစ်ပါသည်။ ထိုအချိန်အထိ စာကျက်ရ ကောင်းမှန်းမသိပါ။ လက်ရေးကလည်း စုတ်ပြတ် သတ်နေပါသည်။ ကစားလိုက်တာကလည်း လွန်ရော။ ဂေါ်လီရိုက်၊ ကြက်တိုက်၊ မြောင်းတွေထဲမှာ တဲဆောက် အတော်လေးကို ကစားခဲ့ပါသည်။ အိမ်က ညီအကိုမောင်နှမ လေးယောက်ထဲမှာ အမေ့ဒုတ်စာမိဘူးတာ ကျွှန်တော် တစ်ယောက်ပဲရှိပါသည်။

ကျွှန်တော် ရန်ကုန်ရောက်တော့မှ ဒုက္ခရောက်ရပါတော့သည်။ အတန်းထဲမှာ မေးလိုက်တိုင်း စာတစ်လုံးမှ မရပါ။ အင်္ဂလိပ်စာဆိုလည်း ရောင်တောင်တောင်၊ အခြားစာ ဆိုလို့ ဘာမှမသိပါ။ ငါ့စာကျက်မှပဲ ဆိုပြီး၊ အဖေ့ကို အပူကပ်ရပါတော့သည်။ အဖေလည်း သူ့စာအုပ်စင်ထဲက စာအုပ်ထူထူကြီးများကို ထုတ်လာပြီး ကျွှန်တော့်ကို ရှင်းပြပါတော့သည်။ အဖေရဲ့ စာအုပ်ထူထူကြီးများသည် အလွန်လှပါသည်။ ကြွေစာမျက်နှာပေါ်က ရောင်စုံပုံများသည် လွန်စွာကြည့်ကောင်းပါသည်။ သည်လိုနဲ့ ကျွှန်တော်သည် ဘိုင်အိုကို မြတ်နိုးခဲ့ရပါသည်။

ဆက်ပါဦးမည်
မင်းလွင်

No comments:

Post a Comment