Tuesday, December 13, 2011

ငယ်ချစ်ဦး

မနေ့က မော်လမြိုင်က အကြောင်းကို ပြန်တွေး ရေးရင်းဖြင့် ငယ်ငယ်တုန်းက အကြောင်းတွေကို ပြန်သတိရ မိပါသည်။ ကျွှန်တော် စာစလုပ်ချင်လာခြင်းမှာ ရန်ကုန်ရောက်မှဟု ထင်ခဲ့သော်လည်း မဟုတ်ပါ။ မော်လမြိုင်မှာ ကတည်းက စာလုပ်ချင်စိတ်ပါလာခဲ့ပါသည်။ ငယ်ငယ်တုန်းက မှုလတန်းမှစ၍ အလယ်တန်းအလယ်လောက်အထိ အလွန်ဆော့ခဲ့ပါသည်။ စာမေးပွဲနီးတိုင်း ဘာကြောင့်မသိ၊ စာအုပ်ပျောက်တတ်ပါသည်။ စာမေးပွဲနီးတိုင်း စာအုပ်ပျောက်မှာ အမြဲစိုးရိမ်နေခဲ့ရသည်ကို သတိရမိပါသည်။ တစ်ခါတလေ ယခုထက်တိုင် အိမ်မက်ထဲမှာ စာအုပ်ပျောက်တုန်းဖြစ်၏။

နွေရာသီ ကျောင်းပိတ်ရက်ဆိုလျှင် ရှိသမျှ သင်တန်းတွေတက်၊ မြောက်ရှုန်းအောင် ကစားခဲ့ပါသည်။ ရှေ့ဆောင်လူငယ်၊ ရေကြောင်းလူငယ်၊ ပန်းချီသင်တန်း အစရှိသ၍ တက်လို့ရသမျှ သင်တန်းတွေကို အကုန်တက်ခဲ့ပါသည်။ အလယ်တန်းလောက်တုန်းက ပန်းချီကို အရူးအမူးဖြစ်ခဲ့ဘူးပါသည်။ သို့ရာတွင် ခဲပန်းချီမှ ရေဆေးကို ပြောင်းချိန်မှာ ကျွှန်တော်ဟာ အရောင်ကိုခွဲမသိနိုင်တဲ့ ကာလာဘလိုင်း ဖြစ်နေပါသဖြင့် အလွန်နှစ်သက်ခဲ့သော ပန်းချီကို လက်လျှော့ခဲ့ရပါသည်။

ကျွှန်တော်တို့ အိမ်တစ်ခန်းအကျော်တွင် ဆရာဦးချစ်လှိုင်တို့ အိမ်ရှိပါသည်။ ကျွှန်တော်နှင့်ရွယ်တူ သူ၏သားကို အဖေက ဘော်လုံးဟု အမည်ပေးခဲ့ပါသည်။ ဘော်လုံးသည် ကျွှန်တော်၏ ငယ်သူငယ်ချင်းဖြစ်ပါသည်။ ဘော်လုံးနှင့်ကျွှန်တော်သည် သံလွင်မြစ်ထဲမှာ ရေသွားကူးခြင်း၊ ငါးမွေးကန်ထဲမှာ ငါးများသွားမျှားခြင်း အစရှိသည့် အမေမကြိုက်သော အလုပ်များကို လုပ်ခဲ့ကြပါသည်။ ဘော်လုံး၏ အမေသည် မိန်းမလှကျွှန်းသူ ဖြစ်ပါသောကြောင့် ကျောင်းပိတ်လျှင် ဇာတိပြန်ပြီး ရေကူး၊ လှေလှော် လုပ်လေ့ ရှိပါသောကြောင့် ကျွှန်တော့်ထက် ကစားတဲ့နေရာမှာ ပိုတော်ပါသည်။

တဖန် ဘော်လုံး၏ အဖေ ဆရာချစ်သည် တိုက်ကြက်များကို မွေးထားပါသည်။ မကြာကဏဆိုသလို မီးလောင်ပြင်ကို သွား၍ ကြက်တိုက်တတ်ပါသည်။ မီးလောင်ပြင်သည် အခုတော့ မော်လမြိုင်မော်တယ် ဖြစ်သွားပြီဆို၏။ ကျွှန်တော်မသိတော့ပါ။ ယခင် ကျွှန်တော်တို့တက်ခဲ့သော မော်လမြိုင် လေ့ကျင့်ရေး အလယ်တန်းကျောင်း ၏နောက်ဖက် သံစည်းရိုးကြား ခွေးတိုးပေါက်မှ ထွက်လိုက်လျှင် မီးလောင်ပြင်ကို ရောက်ပါမည်။ ၁၀မိနစ်ခန့် လမ်းလျှောက်လျှင် ယခင်သစ်တောရုံးကို ရောက်မည်ဖြစ်ပြီး၊ အဲ့ဒီမှာ ကျွှန်တော်နှင့် ကျောင်းနေဖက် မောင်မောင်ဇင်တို့ အိမ်ရှိပါသည်။

ဘော်လုံးနှင့် ကျွှန်တော်တို့သည် သူအဖေ ဆရာချစ် မွေးထားသော တိုက်ကြက်များကို ဖမ်း၍ မောင်မောင်ဇင်တို့နဲ့ သစ်တောရုံး ထဲမှာ ကြက်သွား တိုက်လေ့ရှိပါသည်။ ပြန်လာလျှင် ဆရာချစ်မသိအောင် ကြက်ကလေးကို နံနွင်းတွေလိမ်းပြီး မသိအောင် လွှတ်ပေးရပါသည်။ သို့ပါသော်လည်း ပေါ်မြဲဖြစ်ပါသည်။ အဲ့ဒီအခါတိုင်း ဘော်လုံးလေး ရိုက်ခံထိတာ ကွေးနေပါသည်။

ကျွှန်တော်တို့ တတန်းထဲ တက်ခဲ့ကြသူများကတော့ ကျွှန်တော်ရယ်၊ ဘော်လုံးရယ်၊ မီးလောင်ပြင်က မောင်လှဝင်း(နှပ်ချေးထူ)ရယ်၊ ကုလားတန်းထဲက တရုပ် ထွန်းထွန်းဝင်းရယ်၊ ကုလား နေလင်းရယ်၊ ဒေါ်ခင်ကြည်ဆေးရုံထိပ်က နေလင်းကျော် တို့ပဲဖြစ်ပါသည်။ နေလင်းကျော်၏ အမည်သည် ဝတ်ပုတ်ဖြစ်ပါသည်။ ဒီကောင်နဲ့ ကျွှန်တော်တို့က မတည့်ကြပါ။ ဒါပေမယ့် ရန်ဖြစ်ပြီးတိုင်းလည်း အမြဲအတူကစားမြဲ ဖြစ်ပါသည်။ ဘော်လုံးကန်လည်း ရန်ဖြစ်၊ ဂေါ်လီရိုက်လည်း ရန်ဖြစ်၊ တွင်းစိန်လည်း ရန်ဖြစ် အလကားနေ ရန်ဖြစ်ကြပါသည်။ ဒါပေမယ့် ဘော်လုံးကိုတော့ သူမနိုင်ပါ။ ဘော်လုံးက တော်ပါသည်။ ကျွှန်တော်ကတော့ အကောင်သေးပါသဖြင့် အသံသာကျယ်ပါသည်။ လက်သိပ်မပါပါ။

ဒါပေမယ့် အတန်းကြီးလာတော့ ဝတ်ပုတ်၊ ဒီကောင် ပဲများလာပါသည်။ ကျွှန်တော်တို့နှင့် ရန်မဖြစ်တော့ပါ။ အရင်ကလိုလည်း မဝတော့ပါ။ အုံးနှစ်ပင်ပုဆိုးကို ချက်ပြုတ် ဝတ်လာပြီး၊ စံပင်ကို အလယ်ခွဲခွဲကာ စိုးသူစတိုင်ဖြင့် လူပျိုကြီး ကိုက်ဖမ်းလာပါသည်။ မကြာပါ၊ ဒီကောင် အတန်းထဲက ကောင်မလေး တစ်ယောက်နဲ့ ဘာလိုလို၊ ညာလိုလို။ ကျွှန်တော်တို့ အဖွဲ့မှာ စ ရည်းစားရတာ ဒီကောင်၊ ဝက်ပုတ်ဖြစ်ပါသည်။ ကျွှန်တော်တို့ အဖွဲ့ကတော့ ဘောင်းဘီအတိုပေါ်မှာ ပုဆိုးကွင်းသိုင်း၍ ဂေါ်လီရိုက်ကောင်းတုန်း။

ဒါပေမယ့် ကျွှန်တော် ၈တန်း အရောက်မှာ စာစလုပ်ချင်လာပါသည်။ ဘာရယ်မဟုတ် ကဗျာရေးချင်စိတ် ပေါက်လာပါသည်။ ကျွှန်တော်လက်ရေးဟာ တော်တော်လေးကို မလှခဲ့ခြင်း ဖြစ်ပါသည်။ တောင်တစ်လုံး မြောက်တစ်လုံးနှင့် ဘာကဗျာရေးရေး ရသမမြောက်ပါ။ ကျွှန်တော် အတော် စိတ်ညစ်နေခဲ့ပါသည်။

ဘာကြောင့်လည်းမသိ ဆွေမျိုးလိုခင်နေတဲ့ အန်တီဒေါ်ယဉ်ယဉ်မြတ်တို့ အိမ်သွားလည်ရင်း၊ အမှတ်မထင် စာကို ဘယ်လို လှအောင် ရေးရမယ် ဆိုတာကို သိခဲ့ရပါသည်။ အန်တီဒေါ်ယဉ်မြတ်တို့သည် ကျွှန်တော်တို့ အိမ်နှင့် တကယ့်ဆွေးမျိုးအရင်းတွေလို ဖြစ်ခဲ့ကြပါသည်။ အဖေဂျပန် သွားတုန်း၊ ကျွှန်တော့်ညီ သက်ဖူးလေး မွေးတုန်းကလည်း အန်တီဒေါ်ယဉ်မြတ်နဲ့၊ ဘဘကျောင်းအုပ်ဆရာကြီးတို့ ကပဲ အမေ့အား အမေရိကန် ဆေးရုံကို လိုက်ပို့ပေးခဲ့ရပါသည်။

အန်တီဒေါ်ယဉ်မြတ်တို့သည် အဆင့်မြင့်မြင့်နေနိုင်ခဲ့သူများ ဖြစ်ကြ၏။ သူ၏ သမီးများဖြစ်ကြသော မချိုတို့၊ မခိုင်တို့သည် တကယ့်ကို စူပါစတားများဖြစ်ခဲ့ကြ၏။ အထက၈ မှာ တက်၍ စာလည်းတော်ကြ၏။ အမြဲတမ်းဆိုသလို လူရည်ချွံစာမွေးပွဲကို ဖြေနေသည်ကိုတွေ့ရ၏။ ကျွှန်တော်အခုထက်ထိ မှတ်မိနေသည်မှာ ချဉ်ပေါင်ကျော်တွင် ဝတ်သားပါမှန်း သူတို့အိမ်ရောက်မှ စသိခဲ့ရပါသည်။

ကျွှန်တော်ငယ်ငယ်က အမြဲပြောဘူးပါသည်။ အမေရယ်၊ အန်တီဒေါ်ယဉ်မြတ်တို့အိမ်ကလို ချဉ်ပေါင်ကျော်ကို  ဝတ်သားလေးနဲ့ ကျော်စမ်းပါလို့။ ဘယ်လောက်စားကောင်းမှန်မသိခဲ့၊ ယနေ့တိုင်မှတ်မိနေပါသေးသည်။ တနေ့ အန်တီဒေါ်ယဉ်မြတ် တို့အိမ်ကိုသွားလည်ရင်း မခိုင်တို့ စာလုပ်နေတာကို တွေ့ခဲ့ပါသည်။ အောင်မယ်လေး၊ လှလိုက်တဲ့လက်ရေးလို့။ ကျွှန်တော်လည်း မနေနိုင်ပဲ လက်ရေးလှအောင် ဘယ်လိုရေးတာလည်း ဟုမေးမိပါသည်။ ကျွှန်တော့်ကို ပြန်ရေးခိုင်းပြီး၊ စာလုံးတွေက ဆက်နေတာကို။ စကားလုံးတစ်လုံးနဲ့ တစ်လုံးကြားမှာ စာလုံးတစ်လုံးစာခြားပြီးရေးကြည့်ပါလားဟု မခိုင်က အကြံပေးပါသည်။

ကျွှန်တော်ရေးကြည့်ပါသည်။ ဟုတ်၏။ စောစောက လက်ရေးနှင့်မတူ။ အဲ့ဒီကစပြီး ကျွှန်တော်လက်ရေးကို လှအောင် ရေးချင်လာပါတော့သည်။ ၈တန်းအောင်စာရင်းလည်းထွက်ရော ကျွှန်တော် မြန်မာစာ၊ သင်္ချာ နဲ့ သိပ္ပံမှာ ဂုန်ထူးပါပါသည်။ ကျွှန်တော် စာလုပ်ရကောင်းမှန်း စသိခြင်းဖြစ်၏။

Monday, December 12, 2011

ကျွှန်တော့်နှင့် ကျွှန်တော့်ချစ်သူများ

ဘာရယ်မဟုတ် ရန်အောင်ဆန်ဆန် ရေးထားသော ကိုယ့်ခေါင်းစဉ်ကိုယ်ကြည့်ရင်း ကိုယ့်ဟာကိုယ် ပြုံးမိပါသည်။  ကျွှန်တော်ငယ်စဉ် ကတည်းက နှစ်သက်ခဲ့သော အရာများစွာရှိခဲ့ပါသည်။ အထက်တန်းကျောင်းသား လောက်တွင် ဘိုင်အိုလိုဂျီကို အရမ်း သဘောကျခဲ့၏။ ပုံလေးတွေဆွဲရင် စာကျက်ရသည်မှာ ဘာနဲ့မှမတူခဲ့ပါ။

ဒီလိုနဲ့ တက္ကသိုလ်ရောက်ပြန်တော့လည်း ကင်မရာလေးများကို နှစ်သက်ခဲ့ပါသည်။ အဖေငယ်ငယ်ဂျပန် သွားတုန်းက ဝယ်ခဲ့တဲ့ မိနိုတာကင်မရာ အစုတ်လေးတစ်လုံးနဲ့  ဟိုရိုက်ဒီရိုက် လျှောက်ရိုက်ပါတော့သည်။ ကျောင်းပွဲတွေမှာ ဟိုကားကား ဒီကားကားနဲ့ ကျွှန်တော်ပါတတ်ပါသည်။ ပြန်ရသည်ထက်စာလျှင် အိပ်စိုက်ရသည်က များမည်ထင်ပါသည်။

အခုကြပြန်တော့လည်း ပရိုဂရမ်ရေးခြင်းနှင့် ဘလောဂ်ရေးခြင်းမှာ အရူးအမူး ဖြစ်နေခဲ့ပြန်သည်။ ထို့အပြင် အရက်သောက်ခြင်းကိုလည်း နှစ်သက်ပြန်၏။ ဂျပန်မှာ ဘာအကြိုက်ဆုံးလဲဟုမေးလျှင် အရက်ကောင်း များများ သောက်ရခြင်း လို့ဖြေကောင်း ဖြေလိမ့်မည်။

ကျွှန်တော့် ဝါသနာများနှင့် ပတ်သက်၍ စဉ်းစားမိပါသည်။ ကျွှန်တော့် ဝါသနာများသည် အဖေနှင့် အများကြီး ပတ်သက်ပေလိမ့်မည်။


ကျွှန်တော်တို့ငယ်ငယ် မော်လမြိုင်မှာ နေစဉ်က အဖေသည် မော်လမြိုင်ဆရာအတတ်သင်မှ သိပ္ပံဆရာတစ်ယောက် ဖြစ်ခဲ့ပါသည်။ ထိုစဉ်က အဖေသည် ဂျပန်ကို ပညာတော်သင် သွားခဲ့ရပါသည်။

ဂျပန်ကပြန်လာသော အဖေသည် စာအုပ်တွေ အများကြီးသယ်လာခဲ့၏။ ကန်မရာ တစ်လုံးဝယ်လာခဲ့၏။ ဆိုင်ကယ်တစ်စီး ဝယ်လာခဲ့ပါသည်။ ကျွှန်တော်ငယ်ငယ်က အမြဲဆိုသလို ဘူးသီးငပေါင်းကျော် ဂျပန်စာအုပ်တွေကို ဖတ်နေသည်ကို တွေ့ရပါသည်။

ရန်ဖန်ရံခါ ဆိုင်ကယ်တစ်စီးနဲ့ ဒိုင်ရင်ကွင်းက ရုပ်ရှင်ရုံ၊ တောင်ပေါ်၊ ကမ်းနားလမ်း အစရှိသည့် နေရာများကို ခေါ်သွားပြီး ဓာတ်ပုံရိုက်ပေးတတ်ပါသည်။ ညနေဆိုလျှင် အရက်လေး တစ်ခွက်နှစ်ခွက်သောက်ရင်း ကျွှန်တော်တို့ကို ဂျပန်ပုံပြင်တွေ ပြောပြတတ်ပါသည်။

တစ်ခါတစ်လေ အမှောင်ခန်းထဲမှာ ဖလင်တွေ ဆေးရင်း ဓာတ်ပုံကူးနေလိုက်၊ ရုတ်ရှင်ရုံသေးသေးလေးမှာ ကာတွန်းကားတွေကို မြန်မာအသံသွင်းလိုက် ကလေးတွေကို ပြလိုက်နှင့် အလုပ်များနေသည်ကို တွေ့ရတတ်ပါသည်။ အမှောင်ခန်းထဲမှာ ဓာတ်ပုံစာရွက်ဖြူကို ဆေးရေစိမ်ရင်း တဖြည်းဖြည်း ပုံပေါ်လာသည်မှာ ဘာနဲ့မှမတူပေ။ အနလော့မှာလည်း ဒီဂျစ်တယ်နှင့်မတူသော အရသာများ များစွာရှိပါသည်။

ကျွှန်တော် ၁၉၈၈ခု အရေးအခင်းဖြစ်လို့ ကျောင်းပိတ်တဲ့အထိ မော်လမြိုင်မြို့တွင် နေခဲ့ရပါသည်။ ၉တန်း အထိဖြစ်ပါသည်။ ထိုအချိန်အထိ စာကျက်ရ ကောင်းမှန်းမသိပါ။ လက်ရေးကလည်း စုတ်ပြတ် သတ်နေပါသည်။ ကစားလိုက်တာကလည်း လွန်ရော။ ဂေါ်လီရိုက်၊ ကြက်တိုက်၊ မြောင်းတွေထဲမှာ တဲဆောက် အတော်လေးကို ကစားခဲ့ပါသည်။ အိမ်က ညီအကိုမောင်နှမ လေးယောက်ထဲမှာ အမေ့ဒုတ်စာမိဘူးတာ ကျွှန်တော် တစ်ယောက်ပဲရှိပါသည်။

ကျွှန်တော် ရန်ကုန်ရောက်တော့မှ ဒုက္ခရောက်ရပါတော့သည်။ အတန်းထဲမှာ မေးလိုက်တိုင်း စာတစ်လုံးမှ မရပါ။ အင်္ဂလိပ်စာဆိုလည်း ရောင်တောင်တောင်၊ အခြားစာ ဆိုလို့ ဘာမှမသိပါ။ ငါ့စာကျက်မှပဲ ဆိုပြီး၊ အဖေ့ကို အပူကပ်ရပါတော့သည်။ အဖေလည်း သူ့စာအုပ်စင်ထဲက စာအုပ်ထူထူကြီးများကို ထုတ်လာပြီး ကျွှန်တော့်ကို ရှင်းပြပါတော့သည်။ အဖေရဲ့ စာအုပ်ထူထူကြီးများသည် အလွန်လှပါသည်။ ကြွေစာမျက်နှာပေါ်က ရောင်စုံပုံများသည် လွန်စွာကြည့်ကောင်းပါသည်။ သည်လိုနဲ့ ကျွှန်တော်သည် ဘိုင်အိုကို မြတ်နိုးခဲ့ရပါသည်။

ဆက်ပါဦးမည်
မင်းလွင်

အံ့ဖွယ် MySQL

ကျွှန်တော် ဒီတစ်ခေါက် လုပ်နေသော ပရိုဂျက်သည် ယခင် VB နှင့် Microsoft SQL Server နှင့် ရေးထားသော ပရိုဂျက်ကို Java Online အဖြစ် ပြောင်းရေးခြင်း ဖြစ်ပါသည်။ ယခင်ရေးထားသော အရာများကို ပြုပြင်ရင်း၊ ဖန်ရှင်အသစ်များကို ဖြည့်စွက်ရင်း ဆိုသလိုဖြစ်ပါသည်။

ကျွှန်တော်ဒီ ပရိုဂျက်ကို ရောက်ရှိချိန်မှာ အတော်လေးနောက်ကျနပြီဖြစ်၏။ ကြားရသည် မှာ Ajax နှင့် Enterprise Project ကိုရေးမည်ဟုဆို၏။ ဝမ်းသာမိပါသည်။ ကျွှန်တော်ကိုယ်တိုင်လည်း JSF နှင့် Struts Frameworks များ၏ User Interface ကို သိပ်ပြီး အဆင်ပြေလှသည်ဟု မထင်မိသောကြောင့်ဖြစ်၏။

Ajax ၏ ကောင်းကွက်များနှင့် Java EE ၏ ကောင်းကွက်များကို ပေါင်းပြီး Open EMS တွေကို ရေးချင်ခဲ့သောကြောင့် ဖြစ်၏။ ဤနေရာတွင် အသုံးပြုခဲ့သော XPlatform သည် လုံးဝအစဉ်မပြေပါ။ JavaScirpt ဖြင့်ရေးထားပြီး၊ အမြင်မှာလှသော်လည်း၊ လုပ်ဆောင်ပုံများမှာ မသေသပ်ပါ။ Ajax Framework များစွာအသုံးပြုခဲ့ဘူးပါသည်။ သို့သော် ဒီလောက်အသုံးမကျတဲ့ Framework ကို မတွေ့ဘူးပါ။ သုံးရတာအစဉ်မပြေသလို Performance မှာလည်း အလွန်မကောင်းပါ။ ဒီလို Framework မျိုး တစ်သက်လုံး ထွန်းကားရန်မရှိပါ။ စိတ်လျှော့လိုက်ပါသည်။ ထားတော့ထားတော့။


ပြဿနာက ဒီမှာစပါတော့သည်။ Micorsoft SQL Server ကို အသုံးပြုထားပြီး၊ MySQL ကို ရွှေ့မည်ဖြစ်၏။ DB2 နှင့် Oracle သာ အသုံးပြုခဲ့ဘူးသော ကျွှန်တော့်အတွက်တော့ Micorsoft SQL Sever ရော MySql ပါ သုံးစား၍မရပါ။ တစ်ခုခု လိုနေသလိုပင်။

ပြဿနာပေါင်း ရေတွက်၍မရအောင် ရှိခဲ့ပါသည်။ တွေ့ခဲ့ပါသည်။ ဒီနေ့တော့ MySQL ၏ အံ့ဖွယ် အဖြစ်တစ်ခုကို ကို တင်ပြပါမည်။ MySQL ကို အသုံးများခဲ့ရခြင်းသည်၊ ပေါ့ပါးလွယ်ကူ၍ အလကားရခြင်း ကြောင့်ဖြစ်၏။ အလကားရသည့်အပြင် Relational Database ၏ ကောင်းကွက်များကို လွယ်လင့်တကူ အသုံးပြုနိုင်ခဲ့၏။ User Security သိပ်ပြီး စဉ်းစားစရာမလိုပဲ လွယ်ကူစွာ အင်စတောလုပ်နိုင်ပြီး၊ DDL တစ်ပိုဒ်ကို အလုပ်လုပ်ခိုင်ရုံဖြင့် တော်ရုံတန်ရုံ ဒေတာဘေစ်များကို တည်ဆောက်နိုင်ခဲ့၏။ ကောင်းလေစွ။ ကောင်းလေစွ။

Oracle နှင့် DB2တို့၏ ပရိုစီဂျာများ၊ အင်ပေါ့တ်၊ Export ဖန်ရှင်များသည် လွန်စွာမှအစဉ်ပြေခဲ့ သဖြင့်၊ MySql ၏ mysqldump ကို သိပ်ပြီးမကျေနပ်ခဲ့သော်လည်း အသုံးများပါက ယဉ်ပါးလာနိုင်ပါသည်။ ပြဿနာမရှိပါ။

ကျွှန်တော် အံ့သြမိသည်မှာ MySQL တွင် VARCHAR နှင့် CHAR ကော်လန်များတွင် half size space စာလုံးများအား TRIM လုပ်ပြစ်ခြင်းပင်။ အချို့သော စစ္စတမ်များတွင် Half size space စာလုံးများတွင် အဓိပ္ပါယ်ပေးထားလေ့ရှိ၏။ SPACE တစ်လုံးဆိုရင် ဘယ်လို၊ နှစ်လုံးဆိုလျှင် ညာလို ဆိုပြီး အသုံးပြုလေ့ရှိ၏။ ထိုအခါမျိုးတွင် MySQL ကို မသိပဲ အသုံးပြုမိခဲ့ပါက အကြီးအကျယ် ဒုက္ခရောက် သွားနိုင်ပါသည်။

သတိ MySQL ကို သုံးပါက SPACE များတွင် အဓိပ္ပါယ် မပေးပါနှင့်။

Thursday, December 8, 2011

ပရိုနှင့် ဝါသနာရှင်

ပရို ဆိုသည်မှာ နည်းပညာတစ်ခုဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူ။ သူ၏ အရည်အချင်းကို တန်ဖိုးဖြတ်ပြီး အခကြေးငွေကို ရယူသူ။ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ တာဝန်ယူထားပြီးသော အလုပ်တစ်ခုကို ပြီးအောင် ထမ်းဆောင်နိုင်သူ။

ဝါသနာရှင် ဆိုသည်မှာ နှစ်သက်ရာ ဝါသနာပါရာကို တစ်စိုက်မတ်မတ် အချိန်ပေးပြီး လုပ်နိုင်သူ။ ဝါသနာ အတွက်ဆို အချိန်နဲ့ ငွေကြေးကို မနှမြော တတ်သူ။ အကျိုးအမြတ်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ နှစ်သက်ရာကို လုပ်ကိုင်ရင်း ပျော်မွေ့နေတတ်သူ။

ကျွှန်တော် အစက ထင်ခဲ့ဘူးပါသည်။ ဝါသနာပါရာ အလုပ်နဲ့ အသက်မွေးရလျှင် ဘယ်လောက်ကောင်း လိမ့်မည်နည်းဟု။ နှစ်သက်တာကို လုပ်ရင်း အခကြေးငွေလည်းရယူရင်း၊ အတိုင်းထက် အလွန် ပါလား ဟု ထင်ခဲ့မိပါသည်။

ကျွှန်တော် အထင် မှားနေခဲ့ခြင်း ဖြစ်ပါသည်။ ဝါသနာရှင်သည် သူ၏ဝါသနာကို အလွန်မြတ်နိုးပါသည်။ မကောင်းဘူးထင်ရင် သူမလုပ်ပဲနေလို့ရပါသည်။ နှစ်သက်ရာကြီးကိုသာ ရွေးချယ်၍ လုပ်ကိုင်သွားနိုင်ပါသည်။ ပရိုဖြစ်လာပက မှားနေတယ်လို့ ထင်ပေမယ့် ဖြစ်အောင်လုပ်ပေးရပါမည်။ မှားမှန်းသိသိကြီးနဲ့ ရေးပေးရ တတ်ပါသည်။

ပရိုဆိုပါက နည်းပညာသာမက တစ်ပါးသူကို နားလည်အောင် ပြောပြပြီး၊ ကိုယ်နှစ်သက်ရာ အလုပ်ကို လုပ်နိုင်အောင် အများကြီး ကြိုးစားရပါဦးမည်။

Monday, December 5, 2011

မြန်မာမှုပြုခြင်းမှတ်စု

ပြီးခဲ့သော သောကြာနေက သောက်တာများသွားသောကြောင့် ဖြစ်မည်။ စနေနေ့တနေခင်းလုံး ခေါင်းကိုက်ပြီး အရက်ကို မမြင်ချင်မကြည့်ချင်အောင် ဖြစ်နေပါသည်။ ရေးနွေးကြမ်းတွေချည်း သောက်နေရင်း ဂျာဗားအကြောင်းကို ရေးသားနေခဲ့ပါသည်။ ဤကဲ့သို့ရေးသားရင်း မြန်မာမှုပြုခြင်းနှင့် ပတ်သက်ပြီး စဉ်းစားမိပါသည်။


ဘာလို့ မြန်မာအိုင်တီ စကားလုံးတွေက အရေးကြီးတာလဲ

ကျွှန်တော်သည် မြန်မာနိုင်ငံတွင် ပရိုဂရမ်မင်းဘာသာရပ်နှင့် ပတ်သက်၍ စကားလုံးနည်းပါးခြင်း အပေါ်တွင် အတော်လေးအံ့သြမိပါသည်။ အချို့ကပြောကြပါသည်။ အင်္ဂလိပ်စာမကောင်းပဲနဲ့ အိုင်တီလောကမှာ ကမ္ဘာနဲ့ မယှဉ်နိုင်ဘူးဟု။ ကျွှန်တော်သိပ်ဘဝင်မကျပါ။

အိုင်တီနည်းပညာကို လေ့လာရန် အင်္ဂလိပ်စာလိုအပ်သည် ဆိုသည်ကို လက်ခံကြည့်၍မရပါ။ မြန်မာလို လေ့လာရန် စာအုပ်စာတမ်းများမရှိ၍ မလေ့လာနိုင်ခြင်းပင်ဖြစ်၏။ ရှင်းရှင်းပြောရလျှင် ပရိုဂရမ်မင်းဆိုသည်မှာလည်း ဘာသာရပ်တစ်မျိုးပင်ဖြစ်၏။ ဘာသာရပ်တစ်ခုကို လေ့လာရန်၊ နောက်ထပ်ဘာသာရပ် တစ်ခုကို ထပ်လေ့လာရမည် ဆိုသိပ်မနိပ်ပါ။

မြန်မာပြည် အိုင်တီလောကတိုးတက်ရေး အတွက် အိုင်တီနည်းပညာရှင် များစွာလိုအပ်ပါသည်။ အိုင်တီပညာရှင် တိုးပွားရေးအတွက် လူတိုင်းကို အင်္ဂလိပ်စာလိုက်သင်သည်ထက်၊ အိုင်တီပညာကို လူတိုင်းနဲ့ရင်းနှီးအောင် လုပ်ရသည်က ပို၍ ကျယ်ပြန့်စွာ ပြန့်နှံ့နိုင်ပေမည်။


ဘယ်လိုစာလုံးတွေကို မြန်မာမှုပြုသင့်သနည်း

မြန်မာမှုပြုသည် ဆိုရာတွင် စဉ်းစားစရာအချက်ရှိပါသည်။ နေရာတကာ မြန်မာမှုပြု၍ မဖြစ်ပေ။ မြန်မာလို ဖြစ်ရင်ပြီးရော ဆိုပြီး လွှတ်ပြန်နေ၍မဖြစ်။ အဓိပ္ပါယ်ကိုလည်း ကြည့်ရန် လိုပါသည်။

Windows မြန်မာမှုပြုဖို့ စဉ်းစားကြည့်ပါမည်။ ပြူတင်းပေါက်များဟု ပြန်ချင်ကောင်း ပြန်ချင်လိမ့်မည်။ ကျွှန်တော်က ဤကဲ့သို့ တိုက်ရိုက်ပြန်ဆိုခြင်းကို သိပ်မကြိုက်ပါ။ Windows ဆိုသည်မှာ OS ၏ အမည်ကို ပြူတင်းပေါက်များဟု တင်စား အမည်ပေးထားခြင်း သာဖြစ်၏။ ပြူတင်းပေါက်များ မဟုတ်ပါ။

ဤနေရာမျိုးတွင် ရင်းနှီးပြီးသား ဖြစ်သော ဝင်းဒိုးဟု မွေးစားစာလုံးကို အသုံးပြုသည်မှာ ပိုမိုနားလည်စေမည် ဖြစ်သည်။ Mickel အား ကိုမိုက်ကယ်ဟု ခေါ်သည်နှင့် အတူတူပင် ဖြစ်၏။

နောက်တစ်ခုရှိပါသေးသည်။ Exit ကို ထွက်ပေါက်ဟု ပြန်ဆိုခြင်း၊ Run ကို ပြေးခြင်း အစရှိသည့် ကရိယာများ  ဖြစ်ကြ၏။ အင်္ဂလိပ်စာတွင် အဓိပ္ပါယ်အမျိုးမျိုး ရှိသော်လည်း မြန်မာစာတွင်  အဓိပ္ပါယ်တစ်မျိုးသာရှိပြီး၊ ဆိုလိုချင်သည့် အဓိပ္ပါယ်မှာ မြန်မာစကားဖြင့် အခြားသော စကားလုံးဖြစ်နေတတ်ခြင်းဖြစ်၏။ ဤစကားလုံးမျိုးကို အဓိပ္ပါယ်မမှားစေရန် အင်္ဂလိပ်စာကို တိုက်ရိုက်မြန်မာမှုပြုခြင်းမဟုတ်ပဲ အဓိပ္ပါယ်ကို သေချာနားလည်ပြီး မြန်မာမှုပြုရန်လိုအပ်သည် ဟုထင်ပါသည်။

အထူးသတိထားသင့်ပါသည်။

Thursday, December 1, 2011

ရသ

အခုတလော ကျွှန်တော်တို့ငယ်ငယ်တုန်းက နားထောင်ခဲ့ဘူးတဲ့ သီချင်းတွေကို ပြန်ကြားနေရပါသည်။ ကိုယ်နဲ့ရင်းနှီးခဲ့ဘူးသော သီချင်းများကို ပြန်ကြားရတော့ အရင်တုန်းက အကြောင်းတွေကိုပြန်သတိရပါသည်။ ရသကိုပေးနိုင်သော အရာအမျိုးမျိုးရှိပါသည်။ စာပေ၊ ဂီတ၊ ရုပ်ရှင် အစရှိသည့်အရာတို့သည် ရသကိုပေးနိုင်ပါသည်။ ထို့နည်းတူစွာပင် ပန်းချီ၊ ပန်းပုအစရှိသည့် လက်မှု့အနုပညာများသည်လည်း ခံစားမှု့ကိုပေးနိုင်၏။

ကျွှန်တော်စဉ်းစားမိသည်။ ဒီလိုရသတွေပေးနိုင်တဲ့ အနုပညာတွေထဲမှာ ဂီတဟာ အလွန် အင်အားကြီးမား လှပါသည်။ နယ်ပယ် အတော်များများကို ကာလအတန်ကြာ ခံစားမှု့ကို ပေးနိုင်သောကြောင့်ဖြစ်၏။ သီချင်းတစ်ပုဒ်ကို အကြိမ်ကြိမ်နားထောင် ချင်ပါသည်။ သို့ပါသော်လည်း ရုတ်ရှင်တစ်ကားကို နှစ်ခါထပ်မကြည့်ချင်ပါ။ အထူးသဖြင့်၊ မြန်မာကားဖြစ်၏။ ၁၀မိနစ်ထက်ပိုအောင် ကြည့်မရပါ။

ရုတ်ရှင်တွေမကောင်းတာမဟုတ်ပါ။ Godfather တို့၊ 60 s တို့၊ You Got Mail တို့ သကြန်မိုး တို့ဆိုလျှင် ဘယ်နှစ်ကြိမ် ကြည့်ကြည့် မရိုးပါ။ ယခုခေတ် မြန်မာကားများက သုံးမရခြင်းဖြစ်၏။ စာပေက ခက်ခဲပါသည်။ သို့ပါသော်လည်း စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတွေကတော့ အချိန်ကုန်ရုံသာပင်။ ကြောင်တောင်တောင် စကားလုံးများကို သုံးပြီး ဇွတ်ကြီးလုပ် နေကြသည်ကများသည်။ ဤကဲ့သို့ ခတ်ကြောင်ကြောင် ဇာတ်လမ်းများကြောင့်လည်း သုံးမရတဲ့ ဗီဒီယိုရုတ်ရှင်တွေ ထွက်နေခြင်းဖြစ်မည်။

ဂီတကတော့ ကောင်းပါသည်။ ဘယ်အချိန်မဆို၊ ဘယ်နေရာမဆို နားထောင်ရင် စိတ်ချမ်းသာစေပါသည်။ ဟိုးအရင်က ကိုထီး၊ ကိုခင်မောင်တိုး၊ ကိုထူအိမ်သင်သီချင်းကို ပဲနားထောင်ထောင်၊ ကိုလေဖြူ၊ ကိုအငဲ သီချင်းကိုပဲ နားထောင်ထောင် အလွန်ကောင်းပါသည်။ ဒါပေမယ့် မြန်မာ ဟစ်ဟော့ကိုတော့ နားထောင်လို့မရပါ။ ဟိုတလောတုန်းက ကိုနေဝင်းသီချင်းတွေကို အဆိုတော်အမျိုးမျိုးက ပြန်ဆိုတာကို ကြားရ၏။ အလွန်နားထောင်ကောင်းပါသည်။ အကောင်းဆုံးကတော့ ဟစ်ဟော့အဆိုတော်တွေ ပြန်မဆိုတာပဲ ဖြစ်ပါသည်။

Wednesday, November 30, 2011

ဆောင်းတွင်းကိုရောက်ပြီ

ဒီနေ့အလွန်ချမ်းပါသည်။ မနေ့က ဟိုတလောတုန်းက ဒေါင်းသွားတဲ့ ဆာဗာအတွက် ပစ္စည်းများကိုစုရင်း လိုအပ်မယ့် ဒရိုင်ဗာများကို အင်တာနက်ထဲတွင် ရှာနေခဲ့မိသည်။ ဟိုတစ်ခေါက်ပျက်သွားသည်မှာ ရိုးရိုးမဟုတ်။ ဟဒ်ဒစ်ကြွရုံတင်မက မံမိုရီပါအကန့်တွေ ပျက်ကုန်ခြင်းဖြစ်သည်။ ပြီးခဲ့တက်အပါတ်က ဝယ်လာတဲ့ မံမိုရီ ၁ဂစ်လေးချောင်းကလည်း အလုပ်မဖြစ်။ Non ECC မံမိုရီတွေဖြစ်နေသည်။ Dell Poweredge T105 သည် ECC မံမိုရီမဟုတ်ရင် အလုပ်မလုပ်ဘူးတဲ့။

Bios မှာ မံမိုရီကို ဖော်ပြနိုင်တဲ့အတွက် မံမိုရီမှားတယ်လို့မထင်ခဲ့ဘူး။ ၃ရက်လောက်အုံးစားသွားတယ်။ ဒါနဲ့ ဟိုတလောက ရမ်းပြီး ECC မံမိုရီ 2G တစ်ချောင်းကို အင်တာနက်ကမှာ မနေ့ကရပြီး စမ်းကြည့်တော့ အလုပ်စလုပ်ပါသည်။ ဒါပေမယ့် OS ကို တော့မဖတ်သေးပါ။ ဟဒ်ဒစ်ပါလည်းထားတော့ ဒရိုင်ဘာတွေပါ ပျောက်သွားပုံရ၏။ ဆာဗာဝယ်ထားတုန်းက ပါတဲ့ စီဒီတွေလည်း ပျောက်ကုန်ပြီ ဖြစ်သောကြောင့် ဒီအပါတ် ပိတ်ရက်ရတော့မှပဲ နက်ထဲကရှာပါတော့မည်။

ဟိုတလောတုန်းက မြန်မာအိုင်တီဆိုဒ်တစ်ခုမှာ ဟက်ကင်းခေါင်းစဉ်တွေ့လို့  ဝင်ဖတ်မိပါသည်။ တကယ်ဟုတ်မဟုတ်တော့မသိ စကားလုံးတွေက ကြောက်ဖို့အလွန်ကောင်းပါသည်။ ဟတ်ပစ်လိုက်မယ် ဆိုတာကြီးပဲ။ ပါးစပ်တွေ ညောင်းမှာ စိုးရိမ်မိပါသည်။ ဟက်ကင်းနဲ့ ကရက်ကင်းကို ရှင်းပုံမရ။ လေလုံးတွေ ထွားနေပါတော့သည်။  သြော်ဒီလိုကောင်တွေကြောင့် လှပတဲ့ဟက်ကင်းတွေဟာ နာမည်ပျက်ရတာပဲဟု တွေးမိရင်း။

သြဒီဇင်ဘာလ ရောက်ပြီပဲ။ ဒါကြောင့် အလွန်ချမ်းခြင်းဖြစ်မည်။

Saturday, November 19, 2011

A Rainy Day

ဒီနေ့တနေကုန် မိုးတွေရွာနေပါသည်။ တကယ်ဆိုရင် ဒီနေ့ ကျွှန်တော်မှာ အလုပ်ကနားပေးမယ့် လုပ်စရာတွေရှိပါသည်။ ဟိုတလောတုန်းက မီးပျက်ပြီး အိမ်ကဆာဗာ ဒေါင်းသွားပါသည်။ ဒေါင်းရုံတင်မက Hard Disk ၏ မောင်းလည်းကျိုးသွားပုံရ၏။ အဲ့ဒီ Hard Desk ထဲက အချက်အလက်တွေကို ပြန်လိုချင်ပါသည်။ ကျွှန်တော် နှစ်ပေါင်းများစွာ အချိန်အကုန်ခံပြီး ရေးထားခဲ့သော အရာများဖြစ်သောကြောင့် ဖြစ်၏။ အဲ့အီအတွက် ဒီကနေ့ အကီဟာဘရကို သွားပြီး လိုအပ်တာတွေကို ဝယ်ရင်း၊ Hard Disk ကို ဘယ်လိုပြင်ရမလည်းဆိုတာကို ရှာဖွေရပါမည်။ သို့ရာတွင် ဒီကနေ့ တနေ့လုံးမိုးတွေရွာနေပါသည်။ မိုးရွာသည်ထက် လေတွေပါပြင်းနေ၏။ အပျင်းထူသော ကျွှန်တော်သည် မိုးအေးအေးနှင့် ကွေးပါသည်။

ဂွမ်းကပ်ဆောင်ကို ခေါင်းမူးခြုံအိပ်ပြီး နေ့ခင်း ၁၂နာရီအထိကွေးပါသည်။ တူလေး ကောင်းကောင်းက ကျွှန်တော့်အား လာပြီးနှိုးပါသော်လည်း မသိချင်ရောင်ဆောင်ပြီး ဆက်အိပ်ပါသည်။ ၁၂နာရီထိုးတော့မရပါ။ ဗိုက်ဆာလာပါသဖြင့် ထပြီး ညီမဖြစ်သူအား ဘာစားစရာရှိလည်းဟုမေးပါသည်။

ပေါင်မုက်ကင်တွေတော့ရှိတယ်။ မနက်က မနိုးတာနဲ့ ထားထားတာတဲ့။ ကျွှန်တော်လည်း ကော်ဖီကြမ်းနှင့် ပေါင်မုက်ကင်စားပြီး၊ အင်တာနက်ကိုဖွင့်ကာ ဒီနေ့ရဲ့ မိုးလေဝသသတင်းကို ကြည့်ပါသည်။ အား၊ တနေ့ကုန် မိုးရွာမှာပဲ။ အာကီဟဘရကိုလည်းသွားရဦးမည်။ မိုးရယ်တိတ်ပါတော့ဟု တွေးရင်း၊ လုပ်စရာရှိသည်များကို စဉ်းစားနေခဲ့ပါသည်။ လတ်တလော ကျွှန်တော်ရေးနေသော Desktop Application မှာမပြီးသေးပါ။

ဟိုတလောတုန်းက ယူဆာကို ပြပြီး ပြင်စရာရှိသည်များကို ပြင်ထားတာရှိသည်။ ထို့အရင် အရင်ရေထားသော Application တစ်ခုကိုလည်း ပြင်ဆင်ပေးရန် တောင်းဆိုထားသည်ကရှိပါသည်။ အဲ့ဒီပရိုဂျက်တွေအားလုံး ကျွှန်တော့် စက်ထဲမှာရှိပါသည်။ အားလုံးပါသွားပြီဖြစ်သည်။ Client တွေဆီကို ပို့ထားသော မေးလ်များ၊ Dripbox များထဲမှ ပြန်ရှာကြည့်ရပါမည်။ အတော်များများ ပြန်ရပါသည်။ ဒါပေမယ့် နောက်ဆုံး လတ်တလော ကျွှန်တော်ပြင်ထားသော အကြောင်းအရာများမှာမပါရှိပါ။

ဘာပဲပြောပြော အလုပ်ရှုပ်ပေမယ့် ပြန်လုပ်ရင် ရရှိနိုင်ပါသည်။ ဒီလိုနဲ့ အရေးအကြီးဆုံး ပရိုဂျက်တစ်ခုကို လိုကယ် ပတ်ဝင်းကျင်မှာ ပြန်ပြီး တည်ဆောက်ပါသည်။ လိုအပ်သော လိုင်ဘရီများကို ပြန်ဖြည့်စွက်ပြီးတဲ့ အချိန်မှာ အလုပ်လုပ်ပါသည်။ အိုကေဖြစ်တယ်ပေါ့ဆိုပြီး ပြီးခဲ့သော် အပတ်က ရေးသားခဲ့သည်များကို ပြန်စဉ်းစားရင်း ပြန်လည်ရေးသားခဲ့ပါသည်။ ညနေလေးနာရီအရောက်မှာ ပြန်အလုပ်လုပ်နိုင်ပါသည်။ ဒီအခြေအနေရောက်ပြီဆိုလျှင် ကျွှန်တော့်မှာ ကျန်သော ပရိုဂျက်များကိုလည်း ပြန်လည်ရေးသားနိုင်မည်ဟု ယုံကြည်ခဲ့ပါသည်။

ကျွှန်တော်လည်း စိတ်ပေါ့သွားပြီး ကောင်းကောင်းလေးနဲ့ ကစားပါသည်။ ကောင်းကောင်းလေးကို သင်ရသည်မှာ ပျော်စရာကောင်းပါသည်။ ကလေးများသည် လူကြီးများကို အတုယူနေသည်မှာ မှန်ပါသည်။ ကျွှန်တော်သည် ကောင်းကောင်းလေးအား တစ်ခုခုကို တာဝန်ပေးပြီး ဖြစ်မြောက်အောင် ထမ်းဆောင်နိုင်သည့်အခါ လက်ခုပ်တီးအားပေးသည့် နည်းလမ်းကို အသုံးပြုပါသည်။ ကောင်းကောင်းလေးလည်း တစ်ခုပြီးတစ်ခု လုပ်ပြနိုင်ခဲ့ပါသည်။ ကလေးများ၏ စွမ်းရည်သည် အံ့မခန်းလောက်အောင်ပင်။ တစ်ခုပြီးတစ်ခု သူလုပ်ပြနိုင်ခဲ့၏။

ညနေ၆နာရီထိုးသောအခါ ကျွှန်တော်လည်း ပျင်းလာပြီး အာကီဟာဘရကို သွားမည်ဟု စဉ်းစားပြီး ရေမိုးချိုးပါသည်။ ပြီးပြန်သော်လည်း မိုးက မတိတ်သေးပါ။ ဒါနဲ့ အဝတ်အစားလည်းပြီး တီဗီကြည့်နေခဲ့ပါသည်။ ည၈နာရီထိုးသောအခါ နီနီရေ၊ ဒီနေ့မိုးအေးတာနဲ့ အသားကင်စားချင်တယ်။ ငါအပြင်သွားပြီး သွားဝယ်လိုက်ဦးမယ်ဆိုပြီး အပြင်ထွက်လာခဲ့ပါသည်။

အပြင်ရောက်သော် မိုးလည်းပါးနေပါသဖြင့် စုဂါမိုအထိလမ်းလျှောက်ရန် စဉ်းစားပြီး လမ်းလျှောက်ခဲ့ပါသည်။ စုဂါမို ဘူတာမှ တဖန် ဘယ်ဘက်ကို ကွေ့ပြီး ကိုမဂိုမဲဘက်ကို ဆက်လျှောက်ခဲ့ပါသည်။

ထာဝရ ဟု ဆိုင်းဘုတ်ကို သွားတွေ့ပါသည်။ မြန်မာဆိုင်အသစ်ဖွင့်ထားခြင်းဖြစ်သည်။ ကျွှန်တော်လည်းဝင်ပြီး ဂျပန်ဆာကေကို မှာပြီးသောက်ရင်း မြန်မာစကားတွေပြောရင်း အချိန်ကုန်နေခဲ့ပါသည်။ လင်မယားနှစ်ယောက် ဖုကုရှီးမားကို ကျောင်းနဲ့လာရင်း အခုတော့ တိုကျိုတက်ပြီး ဆိုင်ဖွင့်သည် ဟုဆိုသည်။

ကျွှန်တော်လည်းစကားတွေကောင်းရင်း ကွန်ပျူတာကိုစိတ်ဝင်စားသည် ဟုဆိုသော ရောက်ခါစ မြန်မာကျောင်းသား လေးများနဲ့စာကားတွေ အများကြီး ပြောဖြစ်ခဲ့ပါသည်။ ၁၂နာရီထိုးသောအခါ အိမ်ကို လမ်းဆက်လျှောက်ခဲ့ပါသည်။ ငါအသားဝယ်ရန်ထွက်လာပါသဖြင့် အသားဝယ်ပြန်မှဟုတွေးရင်း အသားဆိုင်ဘက်ကို လမ်းဆက်လျှောက်ခဲ့ပါသည်။

ဆိုင်အရောက်မှာ ၄၀၀ဂရမ် ဝယ်ပြီး အိမ်ပြန်ခဲ့ပါသည်။   အိမ်ပြန်ရောက်သော အခါ ညီမလေးနီနီရော၊ တူလေးကောင်းကောင်းရော၊ ယောက်ဖဖြစ်သူ စည်သူပါ ဖလက်ပြနေပြီဖြစ်သည်။

ဒီနေ့မိုးအလွန်ပြင်းပါသည်။

Wednesday, November 16, 2011

More than blue screen

ဂျပန်မှာ မီးသိပ်မပျက်တတ်ပါ။ ဟိုတလော ငလျှင်လှုပ်တုန်းက အစီအစဉ်အလိုက် မီးကို လျှော့သုံးရန်အတွက် မီးဖြတ်ထားတာက လွဲ၍ဖြစ်ပါသည်။ မီးပျက်လေ့ မရှိသောကြောင့် ဖြစ်မည်။ မီးပျက်၍ ပျက်စီးတတ်သောအရာများကို မေ့လျှော့နေခဲ့၏။


ဆောင်းရာသီရောက်လာဖြစ်ဖြစ်သည်။ လျှပ်စစ်မီးများကို အလွန်အကျွံသုံးစွဲလေ့ရှိသော ရာသီဥတုဖြစ်သည်။ ဟင်းအပူပေးရန်အတွက် အပူပေးစက်များကို သုံးပါမည်။ တောက်လျှောက် အိမ်အခန်းအတွက် ဟီတာကို ဖွင့်ထားလေ့ရှိပါသည်။ တဖန် ရေချိုးပြီးသောအခါ စံပင်ခြောက်စက်ကို သုံးပါမည်။ အိမ်မှာ ဆာဗာကလည်း ၂၄နာရီဖွင့်ထားပါမည်။ သွားတိုက်ဆိုင်ရင် ဘရိတ်ကာကျလေ့ရှိ၏။ အလွန်အကျွံသုံး၍ ဘရိတ်ကာ ကျသည်မှာ ဘရိတ်ကာ၏ အပစ်မဟုတ်ပါ။ ဘရိတ်ကာက သူ့အလုပ်ကို သူလုပ်ခြင်းသာဖြစ်၏။ ဒီလို ရာသီရောက်လျှင် ဒီလို သုံးတတ်မှန်း ကြိုတင်သိထား နိုင်ပါသည်။ ဖြစ်တတ်မှန်း သိပါလျှက် မပြင်ဆင် ထားသည်က အပစ်ဖြစ်ပါသည်။

အခုတလော  အလွန် အလုပ်ရှုပ် နေပါသည်။ မနက် ၈နာရီကတည်းက အိမ်ကထွက် လိုက်တာ အိမ်ပြန်ရောက်တော့ ၁၂နာရီကျော်ပြီဖြစ်သည်။ လုပ်နေသောပရိုဂျက်မှာ  စီးပွားရေး အခက်အခဲများကြောင့် အချိန်တိုတိုအတွင်းမှာ လူနည်းနည်းနဲ့ ပြီးအောင်လုပ်ဖို့ ဖြစ်လာပါသည်။ မတက်နိုင်ပါ။

ဒီကနေ့ တိုကျိုဘူတာအရောက်မှာ အမှတ်မထင် ကျွှန်တော့်အားပစ်သွားသော ကောင်မလေးကို တွေ့ပါသည်။၂နှစ်ခန့်ရှိပြီဖြစ်မည်ထင်သည်။ ဘာဆက်လုပ်ရမှန်းမသိ။ ကြိုတင်မတွေးထားသော အရာဖြစ်သောကြောင့် အဖြေမရှိပါ။ Java လိုဆိုလျှင် RuntimeException ဖြစ်ပါသည်။ ငါသူ့ကို နှုတ်ဆက်လိုက်ရင်ကောင်းမလား၊ မဟုတ်သေးပါဘူး ၂နှစ်လောက်မတွေ့တာကြာပြီဆိုတော့ ရီးစားအသစ်တွေရပြီး အနှောင့်အရှက်ဖြစ်နေမလား။ သူ့ကို ကြည့်ရတာ မျက်နှာလည်းမကောင်းပါလား။ လား...... လားတွေများရင်း ကျွှန်တော့်သေးငယ်သော Single Task CPU မှာ အသုံးပြုနှုန်း ၁၀၀ရာနှုန်း နီးပါးကို ရောက်ရှိပြီး ရပ်တန့်နေပါသည်။ ဂီ.....ဂီ.....ဂူ.....ဂူ.....

အတန်ကြာမှ ဘာပြောပြော ငါသူ့ကို အရိုးအတိုင်း နှုတ်ဆက်သင့်တယ်လို့ အဖြေထွက်ပါသည်။ အဖြေရ၍ သတိပြုမိသောအခါ ကောင်မလေးကို ရှာမတွေ့တော့ပါ။ ငါနှုတ်ဆက်လိုက်ရင်ကောင်းသား လို့တွေးရင်း ပြူတင်းပေါက်နားမှာ မှီရပ်ရင်း ဖတ်လက်စ ဂျာနယ်ကို ဆက်ဖတ်နေခဲ့ပါသည်။

၁၂နာရီ အလွန် လောက်မှာ ကိုမဂိုမဲဘူတာကို ရောက်ပါသည်။ လမ်းမှာ လော်စွန်စတိုးကိုဝင်ပြီး ကုန်နေပြီဖြစ်သော ဂျပန်ဆာကေဗူးကို ဝယ်ပါသည်။ အမြည်းအဖြစ် ကြက်ကင်တစ်ချောင်းကို ဝယ်ပြီး အပြေးပြန်ခဲ့ပါသည်။ အိမ်ပြန်ရောက်သောအခါ ကျွှန်တော့်ညီမဖြစ်သူ နီနီက ကလားဟင်းချက်ထားတယ် စားဦးမလားဟုမေးသည်။ အရမ်းနောက်ကျနေပြီ ဖြစ်ပါသဖြင့် ဒီနေ့တော့ မစားတော့ဘူးဟု ပြောပြီး အဝတ်အစားလည်းပြီး ကွန်ပျူတာကိုဖွင့် Eclipse ကို ဖွင့်ပါသည်။

Workspace ကတက်မလာပါ။ မီးပျက်သွားသေးလားဟု ညီမဖြစ်သူကိုမေးပါသည်။ ဟုတ်တယ် ဟင်းအပူပေးတုန်းက ဘရိတ်ကာကျသွားသေးတယ် ဟုပြော၏။ ကျွှန်တော်လည်း Network Drive ကို ဖွင့်ပြီး Login လုပ်ရန်ကြည့်ပါသည်။ တက်မလာပါ။ သြော် ဆာဗာတက်မလာပါလားဟုတွေးရင်း SSH ဖြင့်  Remote Login လုပ်ရန်ကြိုးစားကြည့်ပါသည်။ ဆာဗာကို ရှာမတွေ့ပါဟု ထွက်လာပါသည်။ မော်နီတာကို ပြောင်းပြီး ဆာဗာကို တိုက်ရိုက်ဖွင့်ကြည့်ပါသည်။ OS ကိုရှာမတွေ့ပါဟု စာတမ်းတစ်ခု ဖန်သားပြင် ပြာပြာပေါ်မှာ ပေါ်လာပါသည်။ သွားပြီ။ အိမ်မက်ဆိုးတွေ တကယ်ဖြစ်လာပြီဖြစ်သည်။

ဆာကေကိုဖွင့်သောက်သည်။ ကျက်ကင်ကို တဘရိတ်တည်းစားပစ်သည်။ အကြံထွက်မလာပါ။ ငါ့အမှားဖြစ်ပါသည်။ ပျက်တတ်မှန်းသိရက်သားနှင့် ပြင်ဆင်ထားခြင်းမရှိသောကြောင့်ဖြစ်သည်။ တတ်နိုင်သလောက်ကြိုးစားပြီး အချက်အလက်တွေကို ပြန်ရအောင်ရှာပါမည်။