Friday, June 15, 2018

ဖန်တီးမှုနှင့် အိုင်ဒီယာ


Innovation ဆိုတာကို တီထွင်ဖန်တီးမှု့လို့ ပြောနိုင်မယ်ထင်တယ်။ တီထွင်ဖန်တီးမှု့ဆိုတာ Idea လို့ခေါ်တဲ့ အကြံဉာဏ်ကနေ အခြေခံပါတယ်။ အိုင်ဒီယာမရှိပဲ တီထွင်ဖန်တီးမှု့ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ လုံးဝမရှိသေးတဲ့ အရာတစ်ခုကို ဖန်တီးနိုင်မှ Innovation ဆိုတာ ဖြစ်လာတာ မဟုတ်ပါဘူး။

လက်ရှိပတ်ဝန်းကျင်မှာ မရှိသေးတာတစ်ခုကို အဲ့ဒီနေရာမှာ အသက်ရှင်နေတဲ့ သူတွေအားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်တာဟာ Innovation ဖြစ်ပါလိမ့်မယ်။ ဆိုကြပါစို့ မြိုပြနဲ့ ဝေးပြီး မီးလဲမရတဲ့ ကျေးလက်တောရွာလေးတစ်ခုမှာ အေးစက်နေတဲ့ စည်ဘီယာဆိုင်တစ်ဆိုင်ရှိမယ်။ အဲ့ဒီမှာ ဘောလုံးပွဲတွေကို Live ပြနေပြီး စည်ဘီယာခွက်လေးက ရေးခဲစက်လေးတွေ သီးနေအောင် အေးနေမယ်။ အဲ့ဒီလို ဆိုင်မျိုးသွားဖွင့်နိုင်တယ်ဆိုရင် အဲ့ဒီရွာက လူတွေအတွက် အင်တာနက်လဲ ကောင်းတယ်ဟ၊ ဘောလုံးပွဲတွေကိုလဲ Live ကြည့်ရပြီး ဘီယာအေးအေးလေးလဲ သောက်နိုင်တယ်။ အံ့မခန်းပါပဲ ဆိုပြီး ဖြစ်မှာပါ။

အဲ့ဒီနေရာမှာ အလုပ်လုပ်သွားတာက အိုင်ဒီယာ ပါပဲ။ အိုင်ဒီယာဆိုတာက ဘယ်နေရာမှာ ဘာလိုအပ်နေတယ်။ ပြီးတော့ အဲ့ဒါကို ဘယ်လိုလုပ်ပြီး ရအောင်လုပ်မယ် ဆိုတာပါပဲ။ လိုအပ်ချက်တစ်ခုကို ဖြည့်စည်းပေးနိုင်တာ၊ ဒါမှမဟုတ် ပြဿနာ တစ်ခုကို ဖြေရှင်းပေးနိုင်တဲ့အရာ အဲ့ဒါဟာ အိုင်ဒီယာပဲဖြစ်ပါတယ်။ 

အဲ့ဒီ အိုင်ဒီယာဟာ အလိုလို ဖြစ်လာတဲ့ အရာလား။ သိခြင်းမရှိပဲ အိုင်ဒီယာဟာ မဖြစ်လာနိုင်ပါဘူး။ မွေးကထဲက ဘာကိုမှ မမြင်ဘူးမသိဘူးပဲနဲ့ အိုင်ဒီယာ တစ်ခုကို ဟတ်ချလောင်းဆိုသလို ထုတ်ယူလို့မရနိုင်ပါဘူး။ သဘင်သည် သားသမီးတွေဟာ သဘင်သည်တွေ ဖြစ်လာကြတာကို တွေ့နိုင်သလို အဆိုတော်သားသမီးတွေ အတော်များများဟာလဲ အဆိုတော်တွေ ဖြစ်လာကြတာကို တွေ့ရတတ်ပါတယ်။

သူတို့တွေဟာ မွေးကထဲက စည်းဝါးနရီတွေ ကီးတွေ တူရိယာ ပစ္စည်းတွေနဲ့ ရင်းနှီးပြီးဖြစ်နေပါတယ်။ အဲ့ဒီအပြင် ပရိုဖက်ရှင်နယ် လုပ်စားနေတဲ့ မိဘဆီကနေ မသိလိုက်မသိပါသာ သင်ယူနေခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် အိုင်ဒီယာနဲ့ ဖန်တီးမှု့မှာ မှန်မှန်ကန်ကန်နဲ့ စနစ်တကျ သိရှိခြင်းဟာ အရေးပါတဲ့ အရာတစ်ခုဖြစ်နေရပါတယ်။

နောက်ပြီးအိုင်ဒီယာဆိုတာဟာ တစ်ခုထဲသီးသန့် ထွက်ပေါ်လာတယ်ဆိုတာထက် အရင်ရှိပြီးသား အိုင်ဒီယာတွေအပေါ်မှာ အခြေခံပြီး ထွက်ပေါ်လာရတာ များပါတယ်။ နယူတန်သာ ကမ္ဘာမြေရဲ့ စွဲအားအကြောင်းကို မတွေ့ခဲ့ရင် လေယဉ်ပျံတို့ ပေါ်လာမှာလဲ မဟုတ်သလို လူသားတွေလဲ လပေါ်ကို ခြေချနိုင်သေးမှာ မဟုတ်ဘူး။ သောမတ် အယ်ဒီဆင်သာ လျှပ်စစ်မီးကို မတွေ့ရှိခဲ့ရင် ဒီနေ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေရှိမှာ မဟုတ်ဘူး။

ဒါ့ကြောင့် အိုင်ဒီယာတွေရဲ့ နောက်ကွယ်မှာ မှန်ကန်တဲ့ လေ့လာသိရှိမှု့ဟာ တည်ရှိနေပါတယ်။ မှန်ကန်တဲ့ သိရှိမှု့ရှိမှသာ အိုင်ဒီယာဆိုတာ ဖြစ်ပေါ်လာနိုင်ပြီး ဖန်တီးတွေလဲ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

Tuesday, June 5, 2018

အင်္ဂလိပ်စာ သင်ခန်းစာ စတင်ခဲ့ပုံ

ကျွန်တော် ဂျပန်မှာနေတာကြာသွားတော့ အင်္ဂလိပ်စာ မကောင်းတော့ဘူး။ အစကထဲက မကောင်းခဲ့တာ နေမှာပါ။ ဒါနဲ့ မြန်မာပြည်ပြန်ရောက်တော့ အင်္ဂလိပ်စာ သင်မှ ဖြစ်မယ်လို့ ထင်ခဲ့တယ်။

မြန်မာတစ်ယောက်ဆီကတော့ ပြန်ပြီး မသင်ချင်တော့ပါဘူး။ အချိန်ကုန်ခံပြီး သင်မည့်သင် မြန်မာလို လုံးဝမပြောတတ်တဲ့ Native တစ်ယောက်ဆီကနေ သင်ချင်ခဲ့ပါတယ်။

ဒါနဲ့ ဆရာတစ်ယောက်ရှာတွေ့တယ်။ အစက သူက ကျွန်တော်တို့ဆီမှာ Android သင်တဲ့ ဆရာလုပ်ချင်လို့တဲ့။ သူအားတဲ့ အချိန်မှာ သင်ချင်တာပါ။ ဒါပေမဲ့ သူသင်တာကို ဘယ်နှစ်ယောက် နားလည်မလဲ ဆိုတာက မသေချာပါဘူး။ ဒါ့ကြောင့် သူ့ကို ကမ်းလှမ်းခဲ့ပါတယ်။

မင်းနဲ့ ငါ တွဲပြီး အလုပ်လုပ်ချင်တယ်။ လောလောဆယ် မင်း Android ကိုသင်ဖို့ဆိုတာ မလွယ်သေးဘူး။ အခက်အခဲတွေကို သေသေချာချာပြောပြပါတယ်။ အဲ့ဒီအစား မင်းငါတို့ကို အင်္ဂလိပ်စာ သင်ပေးပါလားလို့။ တကယ်သင်ချင်တာက ကျွန်တော်ပါ။

ပိုက်ဆံကတော့ ပေးနိုင်ပါတယ်။ ဒါပေမဲ့ British Council တို့ Edulink တို့လို သင်တန်းတွေကို သွားတက်ဖို့က ကျွန်တော် အချိန် မပေးနိုင်ပါဘူး။ အဲ့ဒီတော့ သူက ကျွန်တော် အားတဲ့ ရက်တွေမှာ လာသင်ပေးနိုင်ရင် အစဉ်ပြေပါတယ်။ ပြီးတော့ တစ်ယောက်ထဲသင်နေလဲ မထူးတဲ့ အတွက် ကျွန်တော်တို့ ဆီက ဝန်ထမ်းတွေအားလုံးကို သင်ပေးပါ။ ကျသင့်သလောက်ကို ငါပေးပါမယ်ပြောခဲ့ပါတယ်။

ပြီးတော့ ဝန်ထမ်းတွေကိုလဲ တက်ချင်စိတ်ရှိတဲ့သူ တက်နိုင်ပါတယ်။ ဒါပေမဲ့ လုပ်မယ်ဆိုရင် အပတ်တကုတ်တော့ လုပ်ဖို့လိုတယ်လို့ပြောခဲ့ပါတယ်။ ဟုတ်တယ်လေ သူတို့ မလုပ်ချင်လုပ်ချင်နဲ့ လုပ်နေရင် ကျွန်တော်က ဘယ်လိုလုပ်ရှေ့ကို ရောက်တော့မှာလဲ။

လုပ်မယ်ဆိုရင်လဲ​ တကယ်လုပ်။ မလုပ်ချင်ရင်လဲ လာလုပ်မနေနဲ့။
ဒါဟာ ကျွန်တော့်ရဲ့ ပေါ်လစီပဲ ဖြစ်တယ်။

ဟန်ဆောင်တာတွေ ကြွားဝါတာတွေကို ကျွန်တော် အမတန်မုန်းပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ JDC ရဲ့ English Class ဟာ စတင်ခဲ့ပါတယ်။

Tuesday, January 30, 2018

မန္တလေးရောက် ဒုတိယ ဟာသ


ဒါကကျွန်တော်တို့ မသိလို့ ခံလိုက်ရတဲ့ ချစ်စရာဟာသလေးတစ်ခုပါ

မန္တလေး JDC ကို ဖွင့်ဖို့ အကြိမ်ကြိမ်သွားရောက်ခဲ့ပါတယ်
အဲ့ဒီတုန်းကတော့ Highway Bus တွေနဲ့ သွားခဲ့တာပါ
ကျွဲဆယ်ကန်မှာလဲ Texi ကို ငှားသွားခဲ့ပါတယ်
ဈေးနဲနဲ ကြီးပေမဲ့ ပြဿနာမရှိခဲ့ပါဘူး

ဒီတစ်ခေါက်
ရထားနဲ့သွားပြီး ဘူတာကြီးရောက်မှ
ဂျင်းမိတော့တာပါပဲ

တက္ကစီဆိုပြီး ရထားပေါ်ထိတက်ခေါ်တယ်
မလိုက်သေးဘူး ဒါတွေက ဂျင်းတွေဆိုပြီး
အတော်လေးလူရှင်းသွားမှ
တက္ကစီ ဆိုပြီးလာခေါ်တဲ့သူနဲ့ လိုက်သွားတယ်
ဈေးနဲနဲကြီးပေမဲ့ ချမ်းနေတာကြောင့်
ဈေးတောင် မစစ်ပဲ​လိုက်သွားတယ်

ကားတွေ့မှ ဂျင်းမိသွားပြီဆိုတာကို သိလိုက်ရတယ်
သူ့တက္ကစီက လိုက်တရပ်ဖြစ်နေတယ်
အကာအရံမရှိတဲ့ တက္ကစီပေါ်မှာ
ချမ်းချမ်းနဲ့ ပြုံးနေမိပါတော့တယ်

ငါဂျင်းမိသွားပြန်ပြီဆိုပြီး

မန္တလေးရောက် ပထမဟာသ


ဒါကကျွန်တော်တို့ မသိလို့ ခံလိုက်ရတဲ့ ချစ်စရာဟာသလေးတစ်ခုပါ။

၂၀၁၇ခု ဒီဇင်ဘာလတုန်းက မန္တလေး JDC အတွက် အခန်းသွားငှားကြပါတယ်။
ပြန်မည့်ရက် အချိန်နဲနဲပိုနေသေးတာနဲ့ ညနေစာ ထွက်စားခဲ့ကြပါတယ်။

အဝေးကြီးလဲ မသွားချင်တာနဲ့ အနီးအနားမှာရှိတဲ့ အကင်ဆိုင်တစ်ခုမှာ ဝင်စားဖြစ်ခဲ့ပါတယ်။
သူများတွေ စားနေတာကို ကြည့်တော့ မာလာဟင်းကများတယ်။
ဒါပေမဲ့ ခရီးသွားခါနီး မာလာဟင်းစားရင် စပ်တာနဲ့ ဗိုက်နာမှာစိုးလို့ ပြသနာမရှိလောက်တဲ့
ကြေးအိုးကို မှာစားမိပါတယ်။

အဲ့ဒီဆို်င်က ကြေးအိုးဟာ ကြာဇံပြုတ်ဖြစ်နေတာကို တွေ့ရပါတယ်။
မန္တလေးမှာ ကြေးအိုးဆိုတိုင်း စိတ်ချပြီး မစားသင့်ကြောင်း သင်ခန်းစာရရှိခဲ့ပါတယ်။

ဆိုင်ကောင်းတွေရှိမှာပါ။ ဒါတွေကို မသိလို့ ခံလိုက်ရတဲ့ ချစ်စရာဂျင်းလေး တစ်ခု ဖြစ်ပါတယ်။

မွေးနေ့

၁ လပိုင်း ၂၈ ရက်နေ့သည် ကျွန်တော့်ရဲ့ မွေးနေ့ဖြစ်ပါသည်။ အတော်များများသည် မွေးနေ့ရောက်တိုင်း ဘုရားသွား၊ ကျောင်းတက်၊ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြ တစ်ခုခုကို အမှတ်တရ ပြုလုပ်လေ့ရှိကြပါသည်။

ကျွန်တော် မွေးနေ့ဆိုတာကို စပြီး သတိထားပြီး အမှတ်တရပြုလုပ်ဖြစ်ခဲ့တာကတော့ အတော်လေးကို နောက်ကျခဲ့ပါသည်။ မှတ်မှတ်ရရ တက္ကသိုလ်ဒုတိယနှစ် ရေက်မှဖြစ်သည်။

၉ တန်းကျောင်းသားဘဝအထိ မော်လမြိုင်မှာ ကြီးပြင်းခဲ့သော ကျွန်တော့်အတွက် မွေးနေ့ဆိုတာ မကြားဘူးသော အရာတစ်ခုဖြစ်ပါသည်။ သူငယ်ချင်းတွေကြားမှာလဲ မွေးနေ့မို့လို မုန့်ဝယ်ကြွေးတာ လက်ဆောင်ပေးတာ တစ်ခါမှ မရှိခဲ့သလို ကျွန်တော်လဲ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပါ။ ကြားတောင် မကြားဘူးခဲ့ပါ။ ၉ တန်း ၁၀ တန်း ရန်ကုန်မှာ ကျောင်းနေခဲ့ပေမဲ့ သိပ်ပြီးရင်းနှီးတဲ့ သူငယ်ချင်းမရှိခဲ့သောကြောင့် မွေးနေ့နဲ့ အကင်းဝေးခဲ့ပါသည်။

ဒါ့ကြောင့် တက္ကသိုလ် ဒုတိယနှစ်တက်မှ မွေးနေ့နဲ့ စပြီးရင်းနှီးခဲ့ရခြင်းဖြစ်ပါသည်။ အဲ့ဒီနောက်ကြုံတွေ့ခဲ့ရတဲ့ မွေးနေ့တွေကို အမျိုးအစားခွဲကြည့်လျင် သက်တန်းအလိုက် ပုံစံမတူတာကို တွေ့ရပါသည်။ အမျိးအစားခွဲကြည့်ရင် အောက်ပါအတိုင်း ပုံစံ ၄မျိုးကို တွေ့ရပါသည်။


တက္ကသလိုလ်ကျောင်းသားဘဝမွေးနေ့

ပျော်စရာကောင်းတဲ့ မွေးနေ့ အမျိုးစားဖြစ်ပါသည်။ မှတ်မှတ်ရရ ကျွန်တော် အသက် ၁၈ နှစ်ပြည့်မွေးနေ့ဖြစ်ပါသည်။ ကျောင်းတက်တော့ ကျွန်တော်တို့ တက္ကသိုလ်က တစ်တန်းမှာ လူ ၆၀ သာရှိတဲ့ အတွက် အတန်းထဲမှာ ဘယ်သူတွေက အငယ်ဆုံးလဲ ဘာညာနဲ့ သူငယ်ချင်းတွေ အချင်းချင်း မွေးနေ့တွေကို သိသွားကြသလို တစ်ယောက်ပြီး တစ်ယောက် မွေးနေ့တိုင်းမှာ မုန့်လိုက်ဝယ်ကြွေးခဲ့ကြပါသည်။ ကျွန်တော်က ဇန်နဝါရီလမွေးဆိုတော့ ဒုတိယမြောက် အငယ်ဆုံးကျောင်းသားဖြစ်ခဲ့ပါသည်။ ကျွန်တော့်အလှည့်လဲရောက်ရော အဖေ့ကို မွေးနေ့မှာ သူငယ်ချင်းတွေကို မုန့်လိုက်ဝယ်ကြွေးချင်လို့ မုန့်ဖိုးပိုပေးပါလို့ ပြောတော့၊ “လုပ်မနေပါနဲ့၊ ငါတို့က မြန်မာတွေ၊ ဘာမွေးနေ့မှ လုပ်လေ့လုပ်ထမရှိဘူး”​ လို့ပြောခဲ့တာ မှတ်မိနေပါသေးသည်။ အမေကတော့ သွားသွား ငါ့သားဆိုပြီး မုန့်ဖိုးပိုပေးခဲ့ပါသည်။

ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့ မွေးနေ့ရောက်တိုင်း RC2 ထဲတို့ ကန်ဘောင်တို့ ဘုတ်ကလပ်တို့မှာ မုန့်သွားဝယ်စားဖြစ်ခဲ့ကြပါသည်။ ကိတ်မုန့်တွေမပါပေမဲ့ ပျော်စရာအရမ်းကောင်းခဲ့ပါသည်။

ဂျပန်မှာရောက်နေတုန်းကတွေ့ခဲ့ရတဲ့ မွေးနေ့

စိတ်ပျက်စရာကောင်းသော မွေးနေ့ ဖြစ်ပါသည်။ ၁၉၉၈ ခုမှာ ဂျပန်ကို စာသွားသင်မယ်ဆိုပြီး ရောက်ဖြစ်ခဲ့ပါသည်။ဘွဲ့ရပြီးတော့လဲ ၂၀၁၂ ခုနှစ် အထိအဲ့ဒီမှာပဲ​နေခဲ့ပါသည်။ ရောက်ခါစက ကျောင်းသားဆိုပေမဲ့ အချိန်ပိုင်းအလုပ်လဲ လုပ်နေသလို၊ သူငယ်ချင်း အပေါင်းအသင်းအတော်များများကလဲ အလုပ်ရှိသောသူများဖြစ်ပါသည်။

အဲ့ဒီတော့ မွေးနေ့ရောက်တိုင်း လူစုပြီး အရက်သောက်ဖြစ်ခဲ့ကြပါသည်။ မြန်မာဆိုင်တွေမှာ စုပြီးသောက်လေ့ရှိတဲ့ အတွက် ကာရာအိုကေဆိုင်မှာ သီချင်းလုရင်း မယ်မယ်ရရမရှိတဲ့ အကြောင်းတွေနဲ့ ရန်ဖြစ်ကြ၊ ရိုက်ကြနဲ့ အတော်လေးကို စိတ်ပျက်စရာကောင်းခဲ့ပါသည်။ အဲ့ဒါကြောင့် မွေးနေ့ဆိုရင် တစ်ခုခုမကောင်းတာဖြစ်တယ်လို့ပဲ ထင်နေခဲ့မိပါသည်။ အတော်လေးကို စိတ်ပျက်စရာကောင်းခဲ့သော မွေးနေ့များဖြစ်ခဲ့ရပါသည်။

မိန်းမရပြီးတဲ့ နောက်တွေ့ရတဲ့ မွေးနေ့

ဒါကတော့ အမတန်းကို ကြည်နူးစရာကောင်းတဲ့ မွေးနေ့များဖြစ်ပါသည်။ နှစ်ယောက်အတူ ဘူရာသွားချင်သွား၊ ပြီးရင် ဆိုင်ကောင်းကောင်းမှာ အစားစားချင်စားခဲ့ကြပါသည်။ ဆာကူရတာဝါက အမြင့်ဆုံးအထပ်မှာ ဒင်နာသွားစားတာတို့၊ ဆိုင်ကောင်းကောင်းမှာ အသားကင်စားရင် ဝိုင်သောက်တာတို့ လုပ်ခဲ့ကြပါသည်။ ဘာရယ်တော့ဟုတ် ကြည်ကြည်နူးနူးငြိမ်းငြိမ်းချမ်းချမ်း အချိန်တစ်ခု အတူကုန်ဆုံးခဲ့ကြပါသည်။

ဒီနှစ်မွေးနေ့

ဒါပေမဲ့ ဒီနှစ်မွေးနေ့ကတော့ အတော်လေးကို ပုံစံပြောင်းခဲ့ပါသည်။ ၂၀၁၈ခု ၁ လပိုင်း ၂၈ရက် ကျွန်တော့်အသက် ၄၃နှစ်ပြည့် မွေးနေ့ဖြစ်ပါသည်။ မန္တလေး JDC ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ကျွန်တော် လေ့လာတွေ့ကြုံခဲ့သော Java Develoing အတွေ့အကြုံတွေကို မန္တလေးမှာပြန်ပြီး မျှဝေနိုင်ဖို့ ခြေလှမ်းသစ်တစ်ခုကို မန္တလေးမှာ စတင်ဖြစ်ခဲ့ပါသည်။ မနက်ပိုင်းမှာ ဖုန်းကြီးဆွမ်းကပ်ဖြစ်ပါသည်။ နေ့ခင်း တစ်နာရီကနေ လာရောက်သူတွေကို ကျွန်တော်နဲ့ အတူ ရန်ကုန်က Member တွေက Java နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို မျှဝေဖြစ်ခဲ့ပါသည်။

နောက်အပတ်ကနေစပြီးမန္တလေးမှာ Java ကို စတင်သင်ကြားသွားမှာ ဖြစ်ပါသည်။

ဒီနှစ်မွေးနေ့ဟာ ကျွန်တော့်ရဲ့ မွေးနေ့တိုင်းထဲမှာ အလွန်ထူးခြားသလို ပီတိအဖြစ်ရဆုံးမွေးနေ့ ဖြစ်ပါသည်။


စကားပို


ရန်ကုန် JDC က ကျောင်းသားတစ်ယောက်က တကူးတက မန္တလေးအထိလိုက်လာပြီး သင်တန်းဖွင့်ပွဲ အထိမ်းအမှတ်နဲ့ မွေးနေ့လက်ဆောင်ကို လာပေးခဲ့ပါသည်။ တကူးတက ဖြစ်တဲ့ အတွက် အရမ်းကို အားနာမိသလို ပီတိလဲ ဖြစ်ခဲ့ရပါသည်။



Wednesday, September 6, 2017

Happy Time

HR Management System တစ်ခုကို ရေးနေတာပါ
နေ့စဉ် Attendance ကိုယူထားတယ်။ အဲ့ဒီအထဲမှာမှ Late တွေ Early Out တွေ Double Shift တွေ Night Shift တွေ Over Night Shift တွေ ကိုမှတ်ထားတယ်။

ပြီးတော့ Leave တွေ Penalty တွေကိုလဲ မှတ်ထားတယ်။
အဲ့ဒါတွေကို ဝန်ထမ်းရာထူးအလိုက်ပြန်ပြီး တွက်ပေးရတာ။

အစပိုင်းတုန်းက ရေးလာခဲ့တာတွေကို
လခတွက်တဲ့နေရာမှာ ပြန်သုံးပြီးရေးရတာ

ရေးရတာများတာတေ့ များတယ်
ဒါပေမဲ့ အစပိုင်းမှာ ရေးခဲ့တာတွေဟာ ဒီနေရာကျမှ
အစီအရီ ပြန်သုံးသွားနိုင်တာကို မြင်တော့
အရမ်းကို မိုက်ပါတယ်

ပင်ပမ်းပေမဲ့ ပျော်ပါတယ်

Developer လုပ်မိတဲ့ ကိုယ်ဟာကိုယ်လဲ ကျေနပ်မိပါတယ်

Thursday, January 5, 2017

Functional Style Programming - Java

Java ဟာ OOP ပါ။
Java ထဲကို Lambda ပါလာရတာ ဘာကြောင့်လဲ။
Parallel Processing ကို ရေးချင်လို့။

Lambda ဆိုတာ Function ရဲ့အတိုကောက်။
Function တွေကို ကိုယ်စားပြုတဲ့အရာ။
Lambda မရှိပဲ Parallel Processing ကောလုပ်လို့မရခဲ့လို့လား။

ရကောင်းရမယ်။ မတော်တာတွေရှိတယ်။
Parallel Processing ကို လုပ်ချင်ရင် လုပ်စရာ ရှိတဲ့ Task တွေကို ခွဲပြီး အပြိုင်ခိုင်းနိုင်မှ အဓိပ္ပါယ်ရှိမယ်။
Java ရဲ့ OOP နဲ့ကော ခွဲခိုင်းလို့မရလို့လား။
Object တွေမှာ State ဆိုတာကြီးရှိနေတယ်။
အဲ့ဒါကြောင့် State တွေမတူရင် အလုပ်လုပ်တာတွေကလဲ တူမှာ မဟုတ်ဘူး။
Side Effects တွေ ရှိနိုင်တယ်။

ဒါဟာ Parallel ကို လုပ်ရတာကိုခက်ခဲစေတဲ့ အဓိကအကြောင်းဖြစ်လာတယ်။
Functional Programming ရဲ့ အဓိက အရည်အသွေးဟာ Side Effect မရှိတဲ့ Function တွေကို သုံးနေတဲ့အချက်ပဲ။ တန်ဖိုးတစ်ခုကိုပေးရင် အဖြေဟာ အမြဲတမ်း ဒီအဖြေရနေရမယ်။

ဒီအရည်အသွေးဟာ Parallel Processing ကို လုပ်ဆောင်ရာမှာ အဓိကလိုအပ်တဲ့
လိုအပ်ချက်လဲ ဖြစ်နေတယ်။

ဒါမှသာ Task တွေကို ဘယ်လိုခွဲခွဲ နောက်ဆုံးပေါင်းလိုက်ရင် အတူတူပဲဆိုတာ ဖြစ်လာမယ်။
ဒါ့ကြောင့် Lambda ဆိုတာကြီးက Java ထဲကိုပါလာရတာပါ။

အဲ့ဒါအပြင် Functional Programming မှာ အရမ်း Cool ဖြစ်တဲ့ Features တွေရှိတယ်။
First Class Citizen Entity တွေရှိတယ်
Function as an Argument
Function as a return type
Function တွေကိုပေါင်းပြီး ပြဿနာ တစ်ခုကို ဖြေရှင်းနိုင်တဲ့ပုံတွေ

Java ဟာ OOP ကြောင့် Side Effect တွေရှိနေတဲ့ အတွက် Functional Programming အစစ်ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ Side Effect ဖြစ်နိုင်တာတွေကို ရှောင်ပြီး Functional Style Programming ကို ရေးနိုင်စရာ အကြောင်းရှိပါတယ်။